ဘူးသီးတောင် ငကျည်တောက်ရွာအနီး ဆင်နင်း၍ မူဆလင် ၂ ဦးသေဆုံး

ဘူးသီးတောင် ငကျည်တောက်ရွာအနီး ဆင်နင်း၍ မူဆလင် ၂ ဦးသေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ငကျည်တောက်ရွာအနီးတွင်  ဆင်နင်း၍ မူဆလင် ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

သူတို့ ၂ ဦးသည် ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ညအချိန်က ဘူးသီးတောင်မြို့နယ် ငကျည်တောက်ကျေးရွာနှင့် အောင်လံပြင်ကျေးရွာအကြားရှိ လူသွားလမ်းဘေးတွင် ဆင်နင်းခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ငကျည်တောက်ရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က နိရဉ္စရာကို အတည်ပြုပြောသည်။

သူတို့၏အလောင်းကို ယနေ့ ဒီဇင်ဘာလ ၂ဝ ရက် နံနက် ၈ နာရီခန့်တွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“သူတို့က ဆင်နင်းခံရပြီးတော့ သေဆုံးသွားတာပါ။ ဘယ်ရွာက၊ ဘယ်သူတွေလဲဆိုတာလည်း ကျနော်တို့ မသိဘူး။ ကျနော်တို့အုပ်စုကတော့ မဟုတ်ကြဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကိုလည်း ကျနော်တို့ အကြောင်းကြားထားပါတယ်။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်ပြီး သတင်းအစအန မရသေးဘူး”ဟု ပြောသည်။

သေဆုံးသွားသူများသည် အသက် ၃ဝ မှ ၄ဝ ပတ်ဝန်းကျင် အမျိုးသားများဖြစ်ကြပြီး သူတို့နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကိုလည်း ယနေ့ နေ့လယ်အထိ စုံစမ်းမရသေးဟု ဆိုသည်။

လက်ရှိတွင် သူတို့၏ရုပ်အလောင်းများကို အလောင်းများအားတွေ့ရှိခဲ့သည့်နေရာအနီးတွင် ဘာသာရေးထုံးတမ်းစဉ်လာဖြင့် သင်္ဂြိုလ်လိုက်ပြီဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ည ၁ဝ နာရီခန့်ကလည်း ဘူးသီးတောင်မြို့နယ် ကျီးနှုတ်သီးကျေးရွာတွင် တောဆင်ရိုင်းနင်းခံရ၍ စပါးခင်းတစ်ခုအတွင်းညကင်းစောင့်နေသည့် မူဆလင်အမျိုးသား ဦးခေါ်လီမူလ္လာ (၃၈ နှစ်)သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်ကလည်း မောင်တောမြို့နယ်မှ ဝေလာတောင်ကျေးရွာသားတစ်ဦးသည်လည်း မောင်တောမြို့သို့ ဆေးခန်းပြရန်သွားစဉ် ရွာ၏တောင်ဘက် ဒုံးချောင်းတံတားအနီးတွင် ဆင်နင်းခံရ၍ သေဆုံးသွားခဲ့သေးသည်။

တောဆင်ရိုင်းများသည် တောတောင်များတွင် အစာရေစာရှားပါးလာနေသည့်အတွက် ယခုကဲ့သို့ စပါးပေါ်သည့်ရာသီများတွင် စပါးခင်းများသို့လာရောက်စားသောက်လေ့ရှိပြီး လူများကိုလည်း တိုက်ခိုက်လေ့ရှိတတ်ကြသည့်အတွက် အထူးသတိထားကြရန်လိုအပ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...