“ဆုံးရှုံးမှုတွေက ကျေးဇူးတော်ချီးမွမ်းမယ့် တောင်သူများ”

“ဆုံးရှုံးမှုတွေက ကျေးဇူးတော်ချီးမွမ်းမယ့် တောင်သူများ”

အေးချမ်းတဲ့ ဆောင်းဝင်ချိန် နိုဝင်ဘာလဟာ မြန်မာပြည်မြောက်ပိုင်းက တောင်ယာ လယ်လုပ်သူတွေရဲ့ စပါးရိတ်သိမ်းကြတဲ့ လရာသီတစ်ခုပါ။

ကောက်ရိတ်သိမ်းစဖြစ်တဲ့ အခုလို အေးချမ်းတဲ့ ဆောင်းရာသီအချိန် တောင်သူလယ်သမားတွေဟာ  စပါးရိတ်တေးတွေ သီကျူးရင်း ရိတ်သူကရိတ်၊ သီးနှံကောက်သူကကောက်နဲ့ လုပ်ငန်းခွင်လို စုရုံးကြပါတယ်။

နှစ်စဉ်နှစ်တိုင်း အထွက်နှုန်းမှန်ကန်ပြီး တောင်ယာစပါးတွေ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပေမဲ့ ဒီနှစ်ပိုင်းမှာတော့ အရင်ကနှစ်တွေနဲ့ အခြေအနေတွေက ကွာခြားသွားပါပြီ။ ဒီနှစ်အတွက် အားသွန်ခွန်စိုက် စိုက်ပျိုးထားတဲ့  စပါး‌တွေသီးနှံ‌တွေဟာ အဖူး၊ အပွင့်ပေါ်ခါစ အချိန်မှာပဲ အညွန့်ချိုး ခံလိုက်ရတာကြောင့် ကောက်ရိတ်ဖို့ မကျန်တော့ဘဲ ဆုံးရှုံးလိုက်ရတဲ့ တောင်သူတွေ အများအပြားရှိနေပါတယ်။

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ထဲက လိုင်ဝါယန်၊ ဇွပ်ခါး၊ ကဒ်ရန်ယန်၊ တရိုခ၊ ဆူးယန်၊ ခဂရန်ယန်၊ မိုင်ထောင်၊ ဆုယန်အစရှိတဲ့ ကျေးရွာတွေမှာ  ကြွက်ဘေးဒဏ်ကြောင့် စပါးနဲ့ ကောက်ပဲသီးနှံတွေ ဆုံးရှုံးခဲ့ရပါတယ်။

“ကျွန်မတို့က (၂)တင်းလုပ်တာ တစ်ခုမှ မရလိုက်ဘူး။ အကုန် စားပေးလိုက်ကြတာ” လို့ ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာတစ်ခုဖြစ်တဲ့ လိုင်ဝါယန်(Lai Wang Yang) ကျေးရွာနေ တောင်သူ ဒေါ်အဂျာက ပြောပါတယ်။

စိုက်ပျိုးထားတဲ့ စပါးတွေကို ရိတ်သိမ်းဖို့ အချိန်ကျရောက်လာတဲ့ အခုလိုရာသီမှာပဲ ရရှိလာတဲ့ စပါးတွေ၊ ကောက်ပဲ သီးနှံတွေနဲ့ အရောင်အသွေးစုံလင်အောင် ဘုရားကျောင်းတွေမှာ ဆက်ကပ်ချီးမွမ်းတဲ့ ကျေးဇူးတော်ချီးမွမ်းပွဲဟာလည်း ရှိနေပြန်ပါတယ်။

အရင်နှစ်တွေက မိမိတောင်ယာခင်းတွေကနေ ဦးဦးဖျားဖျား ခူးယူခဲ့တဲ့ ရွှေဖရုံသီးတွေ၊ သစ်ဥ၊ သစ်ဖုတွေ အစရှိတဲ့ ကောက်ပဲသီးနှံတွေကို ပလိုင်းတစ်ခုထဲ ထည့်ပြီး ဆက်ကပ်နိုင်ခဲ့ပေမယ့် ဒီနှစ်ဆက်ကပ်မယ့် ကျေးဇူးတော်ချီးမွမ်းပွဲပလိုင်းဟာ အရောင်အသွေးမစုံလင်တော့မှာကို ကြွက်ဘေးဒဏ်ခံခဲ့ရတဲ့ တောင်သူတွေ တွေးပူနေကြတာပါ။

အထက်က ကျေးရွာတွေရဲ့ တောင်ယာခင်းတွေမှာ အရင်နှစ်တွေကထက် ကြွက်ဘေးသင့်တဲ့ အန္တရာယ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့လိုက်ရပြီး ကောက်ပဲသီးနှံ တော်တော်များများ ဆုံးရှုံးလိုက်ရတဲ့အတွက် နိုဝင်ဘာလမှာ ကျင်းပလေ့ရှိတဲ့ ကျေးဇူးတော်ချီးမွမ်းပွဲအတွက် တွေးပူရင်း စိတ်မကောင်း ဖြစ်နေကြတာပါ။

“ ကျေးဇူးတော်ချီးမွမ်းပွဲက လုပ်မယ်တော့ပြောတယ်။ ဆက်ကပ်ပို့ဆောင်ဖို့ စပါးတောင်မရှိဘူး.” လို့ ဒေါ်အဂျာက ပြောပါတယ်။

ကျေးဇူးတော်ချီးမွမ်းပွဲဆိုတာဟာ  ခရစ်ယာန်ဘာသာဝင်‌ အထွဋ်အမြတ်ထားတဲ့ ပွဲတော်တစ်ခု ဖြစ်ပြီး  မိမိစိုက်ပျိုးထားတဲ့ ဦးဦးဖျားဖျား ကောက်ပဲသီးနှံတွေနဲ့ မိမိတတ်နိုင်တဲ့ အရာတွေကို အလှဆင်ယင်ပြီး ပလိုင်းတွေနဲ့  ဘုရားကျောင်းဆီ သယ်ပို့ကာ ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။

ကျေးဇူးတော်ချီးမွမ်းပွဲ ဆိုတဲ့အတိုင်း ကိုယ်တိုင် စိုက်ပျိုးပြီးစီးထားတဲ့ အသီး၊ အပွင့်တွေကို ဘုရားဆီ အပ်နှံကောင်းချီး ခံယူချင်ပေမယ့် အခုနှစ်မှာတော့ လယ်(၂)ဧကစလုံးက စပါးတွေ ပျက်စီးသွားတဲ့အတွက် ဒေါ်အဂျာတစ်ယောက် စိတ်မကောင်း ဖြစ်နေရတာပါ။

“တောင်ယာကို မြင်တိုင်း၊ ရောက်တိုင်း ငိုနေရတယ်”လို့ သူက ပြောပါတယ်။

ဒေါ်အဂျာရဲ့ ပြောပြချက်အရ လိုင်ဝါယန်ကျေးရွာမှာ အိမ်ခြေ(၂၇)အိမ်ရှိပြီး အိမ်ခြေတိုင်းလိုလို တောင်ယာခင်းလုပ်ကြတယ်လို့ ဆိုပါတယ်။

တောင်ယာခင်း အားလုံးလိုလိုမှာ ကြွက်ဘေးသင့်ခဲ့ပြီးတော့ စိုက်ပျိုးထားတဲ့ စပါးတွေ အားလုံးဆုံးရှုံးသွားတဲ့ အိမ်ခြေဟာ(၆)ခုလောက် ရှိတယ်လို့ ဆိုပါတယ်။ ဆုံးရှုံးမှု များခဲ့တဲ့အထဲ ဒေါ်အဂျာလည်း ပါဝင်ခဲ့ပါတယ်။

မိမိစိုက်ပျိုးထားတဲ့ သီးနှံနဲ့ စပါးတွေ ဆုံးရှုံးသွားပေမယ့်လည်း တစ်နှစ်ပတ်လုံး ခံစားရတဲ့ ကောင်းချီးတွေ အတွက် ကျေးဇူးတော်ခံယူဖို့ ကျန်ရှိနေသေးတဲ့ စိုက်ပျိုးသီးနှံတွေထဲကမှ အလှဆုံးတွေကို ရွေးယူပြီး ကျေးဇူးတော်ခံယူမယ်လို့လည်း တောင်သူ ဒေါ်အဂျာက  ပြောပါတယ်။

အဲဒီကျေးရွာတွေမှာ အိမ်ထောင်စု တစ်စုကို အနည်းဆုံး (၂)ဧကလောက် စိုက်ပျိုးကြပြီးတာ့ ရွေ့ပြောင်းတောင်ယာတွေ ဖြစ်တာကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဧကပေါင်းကိုတော့ အတိအကျမသိရှိရဘူးလို့လည်း တောင်သူတွေက ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကျေးရွာတစ်ရွာမှာ အကြမ်းဖျင်း အိမ်ခြေ (၄၀)လောက်ရှိပြီး အိမ်ခြေနဲ့ စိုက်ဧကပေါင်း တွက်ကြည့်တဲ့အခါ စုစုပေါင်း အနည်းဆုံး ဧက (၃၀၀) ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

စပါး၊ ကောက်ပဲသီးနှံတွေ ဆုံးရှုံးမှုများခဲ့တာကြောင့် ကျေးဇူးတော်ချီးမွမ်းပွဲကို ပြုလုပ်ဖို့ အခက်ကြုံနေရပြီး စိတ်မကောင်းဖြစ်နေရတဲ့အကြောင်း ခဂရန်ယန်ကျေးရွာနေ တောင်သူ ဒေါ်အဘူကလည်း သူ့ရဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။

“ကျေးဇူးတော်ချီးမွမ်းပွဲ လုပ်ချင်ပေမယ့် တောင်ယာစပါးက အခွံတောင် မရလိုက်ဘူး။ မလုပ်ဖြစ်တော့ဘူးပေါ့။ အခုလို မလုပ်ဖြစ်‌တော့ ပိုပြီးမှ ဘုရားဆီကို ကျေးဇူးချီးမွမ်းတာလည်း မရှိဆိုတော့ လုပ်ကိုင်ဆောင်ရွက်တဲ့ အရာတွေမှာ ကောင်းချီးမရမှာလည်း စိတ်မကောင်းအရမ်းဖြစ်ရတယ်။”လို့ သူက ဆိုပါတယ်။

ကျေးဇူးတော်ချီးမွမ်းပွဲဟာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ မိမိခံစားရရှိတဲ့ ကောင်းချီးတွေအတွက် ဘုရားသခင်ထံ ကျေးဇူးတင်ချီးမွမ်းခြင်းဖြစ်ပြီး ကြွက်ဘေးဒဏ်ကြောင့် စိုက်ပျိုးသီးနှံဆုံးရှုံးသွားတဲ့ ပြည်သူတွေအနေနဲ့ စိတ်မကောင်းအားငယ်တာတွေ မဖြစ်နေဘဲ မိမိတတ်နိုင်တဲ့အလျောက် ဆုတောင်းကောင်းချီးခံယူကြဖို့ ခခူးဇုန်နယ်နှစ်ခြင်းအသင်းတော်များအဖွဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဆနာဂျာရောက အားပေးပြောကြားပါတယ်။

“ခြံထဲက သီးနှံတွေ စိုက်ထားတာတွေကို ယူလာပြီး ပါဝင်လို့ရတယ်။ တောင်ယာခင်းကနေ ဆန် တစ်ပြည်၊ နှစ်ပြည်ကျန်တဲ့ဟာကနေလည်း ယူလာလို့ရတယ်။ ပိုတန်ဖိုးရှိတယ်။” လို့ ဆရာဆနာဂျာရောကဆိုပါတယ်။

လိုင်ဝါယန်ရွာမှာတော့ ကချင်နှစ်ခြင်းအသင်းတော်(KBC)နဲ့ ကက်သလစ်အသင်းတော်(RC)ဆိုပြီး အသင်းတော်နှစ်ခုရှိတဲ့အထဲ RCအသင်းတော်အနေနဲ့ စပါး၊ ကောက်ပဲသီးနှံတွေ ဆုံးရှုံးမှုရှိခဲ့တဲ့ကြားကနေ မိမိတတ်နိုင်တဲ့ဘက်က ကျေးဇူးတော်ချီးမွမ်းပွဲကို အောက်တိုဘာလက ပြုလုပ်ပြီးစီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလိုပြောပါတယ်။

“စပါး မရရင်လည်း ဘုရားကို ချီးမွမ်းတာတော့ လုပ်တယ်။ လာမယ့်နှစ်တွေမှာ ပိုမို ရရှိအောင် ဘုရားဆီ ကျေးဇူးခံယူရအောင်ဆိုပြီး မရတဲ့သူတွေလည်း သူများဆီ လဲလှယ်တာတွေလုပ်ပြီး လုပ်ပြီးသွားပြီ”

ကျေးဇူးတော်ချီးမွမ်းပွဲကို နှစ်စဉ် နိုဝင်ဘာလ(၂၅)ရက်နေ့မှာ ပြုလုပ်ကျင်းပဖို့ သတ်မှတ် ထားတာတွေရှိပေမယ့် ကိုယ့်အသင်းတော်၊ နေရာဒေသအလိုက် အဆင်ပြေတဲ့ နေ့ရက်တွေမှာ ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။

ကြွက်ဘေးသင့်ပြည်သူတွေကို ပြင်ပအဖွဲ့အစည်းတွေကနေ ကုန်ပစ္စည်းတွေ သွားရောက်ကူညီတာတွေ ရှိပေမယ့် ဆွမ်ပရာဘွမ်သွားလမ်းက စစ်ကောင်စီတပ်စခန်းကနေ စစ်ဆေးတင်းကြပ်မှုတွေ ရှိတဲ့အတွက် သယ်ယူပို့ဆောင်ရေးတွေမှာ အခက်အခဲဖြစ်တာတွေရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။

လိုင်ဝါယန်ကျေးရွာနေ ပြည်သူတွေသာမက ကြွက်ဘေးသင့်ခဲ့ပြီး တောင်ယာခင်းတွေ ပျက်စီးဆုံးရှုံးသွားရတဲ့ ပြည်သူတွေဟာ  လာမယ့်နှစ်တွေမှာ ကျရောက်လာမယ့် ကျေးဇူးတော်ချီးမွမ်းပွဲကိုတော့ အခုနှစ်လို မဟုတ်ဘဲ ပြီးပြည့်စုံတဲ့ ပွဲတော်တစ်ခုအဖြစ် ဆက်ကပ်နိုင်ဖို့ ဆန္ဒရှိနေကြတာပါ။

ဒေါ်အဘောက်ကတော့ “စိတ်ထဲမှာ အရမ်းခံစားရတယ်။ ဒါပေမယ့် ဖြစ်နိုင်သလောက် ကြိုးစားပြီး လုပ်မယ်။ စပါးမပါရင်လည်း သီးနှံအချို့ကျန်တဲ့ဟာတွေ ရောင်းပြီး ဘုရားသခင်ထံ ဆက်ကပ်ရမှာပေါ့” လို့ ဆိုပါတယ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...