ခရိုနီ ဦးမိုးကျော်ကို အကြံပေးခန့်၍ မွန်လွှတ်တော်အပေါ် ပြည်သူများ အယုံအကြည်မဲ့လာ

ခရိုနီ ဦးမိုးကျော်ကို အကြံပေးခန့်၍ မွန်လွှတ်တော်အပေါ် ပြည်သူများ အယုံအကြည်မဲ့လာ
ဓါတ်ပုံ - (Crd - ပုံဟောင်း)
ဓါတ်ပုံ - (Crd - ပုံဟောင်း)

မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေးကော်မတီဝင်အဖြစ် ခန့်အပ်လိုက်သည့် ကိစ္စကြောင့် လွှတ်တော်ကို အယုံအကြည်မဲ့လာသည်ဟု ဒေသခံပြည်သူများက သံလွင်တိုင်းမ်သို့ ပြောသည်။

ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြု အကြံပေးကော်မတီဝင်အဖြစ် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သော မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ခရိုနီ ဦးမိုးကျော်သည် လက်ရှိ အာဏာသိမ်းအစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဒေသတွင်း အစိုးရတင်ဒါ လုပ်ငန်း အများစုကို လုပ်ပိုင်ခွင့်ရရှိနေသည့်အပြင် စီမံကိန်းအများစုကိုလည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသူ ဖြစ်သည်။

ခရိုနီ ဦးမိုးကျော်သည် မော်လမြိုင်မြို့တွင် ရှိသမျှမြေများကို သိမ်းပိုက်ထားပြီးဖြစ်၍ ယခုကဲ့သို့ အကြံပေးခန့် အပ်သည့်အပေါ် ပြည်သူများ စိုးရိမ်မှုပိုကဲလာသလို လွှတ်တော်ကိုလည်း အယုံအကြည်မဲ့လာကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်သို့ ပြောဆိုသည်။

“မော်လမြိုင်မှာ ရှိသလောက်လည်း သူသိမ်းပိုက်လိုက်ပြီ၊ သူ့ကို ပြီးတော့ ရှိသမျှ လုပ်ပိုင်ခွင့် အားလုံးလည်း သူပဲ အကြံပေးပြီးတော့ ယူလိုက်ကုန်ပြီ၊ အခုလည်း သူ့ကို လွှတ်တော်မှာ အကြံပေး ခန့်တယ်ဆိုတော့ ပြည်သူ တွေ ဘယ်နေရာမှာ ထပ်ပြီး ဒုက္ခရောက်ဦးမလဲဆိုတာ စိုးရိမ်စိတ်က ပိုကဲလာတယ်၊ နဂိုကတည်းကလည်း သူက လုပ်ချင်ရာ လုပ်ခွင့်ရနေတဲ့အပေါ်မှာ အခုလို လွှတ်တော်မှာ အကြံပေး ခန့်တယ်ဆိုတော့ အခုက လွှတ်တော်ကို ဘယ်သူ ပိုပြီး အယုံအကြည် မဲ့သွားပြီး၊ လွှတ်တော်က ဘယ်လိုလုပ် ပြည်သူအတွက် အကျိုးရှိမလဲ။”

ထို့ပြင် ခရိုနီ ဦးမိုးကျော်သည် ခေတ်အဆက်ဆက် အာဏာပိုင်များနှင့် ပူးပေါင်း၍ စီးပွားရှာခဲ့သော်လည်း အရင် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်သူများအနေဖြင့် ကန့်ကွက်ခွင့်ရှိခဲ့ပြီး၊ လက်ရှိ စစ်အစိုးရလက်ထက်တွင် ကန့်ကွက်၍မရသဖြင့် ငြိမ်ခံနေရခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

လွှတ်တော်ကော်မတီများ၏ အကြံပေးကို ရွေးချယ်ရာတွင် ပြည်သူများ၏ ဆန္ဒနှင့်အညီ ရွေးချယ်သင့်ပြီး ယခုကဲ့သို့ နီးစပ်ရာကို ထည့်သွင်းခြင်းသည် လွှတ်တော်၏ အနှစ်သာရကို ပျောက်ပျက်စေသည်ဟု ဒေသခံများ က ပြောသည်။

မော်လမြိုင် မြို့ခံတစ်ဦးက “အဓိကကတော့ဗျာ တကယ်လို့ ပြည်သူ့ ဆန္ဒနဲ့ ဖြစ်ဖြစ် သို့မဟုတ် မဲနဲ့ ရွေးချယ် ထားတဲ့ လူတွေကို ထည့်တာက ပိုကောင်းတာပေါ့၊ ဘယ်လိုဘဲ ပြောပြော သူ့အနောက်မှာ မဲပေးတဲ့သူ တချို့ ရှိနိုင်တာပေါ့နော်၊ အဲဒီလိုမဟုတ်ဘဲ မဲမပေးဘဲနဲ့ နီးစပ်ရာကို ခေါ်ပြီး ထည့်ထားလို့ ရှိရင် အဲဒီလူတွေက လွှတ်တော်ကို သွားလွှမ်းမိုးမယ်ဆိုရင်တော့ လွှတ်တော်ရဲ့ အနှစ်သာရ ပျောက်ပျက်သွားမယ် ထင်တာပေါ့၊ ဒီလိုပဲပေါ့ သူတို့ ကျနော် ထင်တာတော့ နီးစပ်ရာကိုပဲ ထည့်ပြီးတော့ လုပ်လိုက်တဲ့ သဘောဘဲ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ခရိုနီလုပ်ငန်းရှင်တစ်ဦးကို လွှတ်တော်၌ အကြံပေးခန့်အပ်ခြင်းသည် ဒေသတွင်း အသေးစား၊ အလတ်စား လုပ်ငန်းများအထိ ချုပ်ကိုင်မှုများရှိလာနိုင်ပြီး ဒေသခံများ၏ စီးပွားရေးများကိုလည်း လက်ဝါးကြီး အုပ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးအောင် ကျော်သူက အခုလို လွှတ်တော်ကော်မတီများအတွက် အကြံပေးဖွဲ့စည်းခြင်းသည် လက်ရှိလွှတ်တော်ကိုယ်စား လှယ်များ အသုံးမကျသည့် အဓိပ္ပာယ်သက်ရောက်သလို လွှတ်တော်ကို အနုနည်းဖြင့် အာဏာသိမ်းခြင်းဖြစ် သည်ဟု ဝေဖန်သည်။

ဦးအောင်ကျော်သူက “ဒါက လုံးဝ ဖြစ်ကို မဖြစ်သင့်တဲ့ ကိစ္စ၊ ဘာဖြစ်လို့လည်းဆို ဒီလို လွှတ်တော် ကိုယ်စား လှယ်တွေကို အကြံပေးကော်မတီ ဖွဲ့ခြင်းအားဖြင့် နံပါတ်တစ်က ဘာလဲဆို လွှတ်တော် ကိုယ်စားလှယ်တွေ အသုံးမကြဘူး၊ အသုံးမကျလို့ ဒါက အကြံပေး ကော်မတီ ထပ်ဖွဲ့ ရတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်၊ အဲဒီလိုမျိုးဆိုတော့ ဒီလွှတ်တော်ရဲ့အပေါ်မှာ လွှတ်တော် ကော်မတီတွေရဲ့ အကြံပေး ကော်မတီ ထပ်ဖွဲ့တယ် ဆိုတာတော့ ဒါလွှတ်တော်ကို အနုနည်းနဲ့ အာဏာသိမ်းတယ်လို့ အကိုက မြင်တယ်” ဟု ပြောသည်။

တဖက်တွင် မွန်ပြည်နယ်လွှတ်တော်၏ လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်းက ဦးဆောင်ကာ အတွင်းရေးမှူးအဖြစ် ကျိုက်မရောမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်က တာဝန်ယူထားသည်။

အဆိုပါ အကြံပေးကော်မတီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များအဖြစ် ခရိုနီ ဦးမိုးကျော် အပါအဝင် ဌာနဆိုင်ရာ အငြိမ်းစားများ၊ စစ်မှုထမ်းဟောင်း အငြိမ်းစားများနှင့် တရားလွှတ်တော်ရှေ့နေများ ပါဝင်ကြသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ခရိုနီလုပ်ငန်းရှင်များ ပါဝင်သည့် လွှတ်တော်ရေးရာကော်မတီများ အထောက်အကူ ပြု အကြံပေးကော်မတီ ဖွဲ့စည်းလိုက်သည့်အပေါ် ကိုယ်စားလှယ်များအကြား ဝေဖန်မှုများရှိနေသော်လည်း လွှတ်တော်ဥက္ကဋ္ဌကမူ လျစ်လျူရှုထားဆဲဖြစ်သည်။

Most read this week

August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...