ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် အဖိုးအဖွားများနှင့် ကလေးငယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု လတ်တလော အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
သောက်သုံးရေ ရင်းမြစ်များ မသန့်ရှင်းခြင်းကြောင့် ရောဂါများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရေကြီးလို့ရေမသန့်တာ။ သဘာဝဘေးကြောင့်လို့ ထင်မိတယ်။ ရေကြီးလို့ ဌက်ဖျားဖြစ်တယ်၊ ဝမ်းကိုက် တယ်။ ကလေးဖျားတယ်၊ လူကြီးဖျားတယ်၊ ဒီလိုမျိုးဖြစ်နေတာ။ ရေညစ်ပတ်လို့ဖြစ်တယ်လို့တော့ မြင်မိ တယ်” ဟု ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။
ရေဘေးသင့်ပြီးနောက် ရေတွင်း၊ ရေကန်များအား သန့်ရှင်းရေး လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် အမှိုက်များ ကိုလည်း စည်းကမ်းမဲ့ စွန့်ပစ်နေကြသဖြင့် ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။
ဖားကန့်ဒေသ၌ ဆေးဝါးပြတ်လပ်မှု မရှိသော်လည်း ဆေးဝါးဈေးနှုန်းများ အဆမတန် မြင့်တက်နေသောကြောင့် အခြေခံလူတန်းစားများအနေဖြင့် ဆေးဝါးဝယ်ယူရန် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ အားနည်းသွားပြီး ရောဂါဘေးများ ပုံမှန်လိုလို ဖြစ်ပွားနေကြောင်း အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
၎င်းက “ဒီလိုအချိန်မှာ ဝမ်းပျက်ဝမ်းလျှောပြီးရင် သွေးလွန်တုပ်ကွေး ငှက်ဖျားဆိုတာက ပုံမှန်ဖြစ်နေကြ သဘောလို့ပဲ ပြောရမှာပေါ့။ နယ်မြေတည်ငြိမ်မှု မရှိတဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရကြဘူး။ လက်ရှိကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် ကျန်းမာရေးလိုက်စားဖို့ ခက်ခဲတယ်” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ဖားကန့်ဒေသ၌ ကျန်းမာရေး စောင့်ရှောက်မှုများအပြင် ရပ်ကွက်/ကျေးရွာ သန့်ရှင်းရေး လုပ်ဆောင် ပေးသည့် အစီအစဉ်များလည်း ကင်းမဲ့နေသည်။
ဖားကန့်ဒေသသည် သယံဇာတ အလွန်အကျွံ တူးဖော်မှုများကြောင့် နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုအပါအဝင် သဘာဝဘေးအန္တရာယ်များကို ဆိုးရွားစွာ ကြုံတွေ့နေရသည့် ဒေသဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှစ၍ အဆက်မပြတ် ရွာသွန်းခဲ့သည့် မိုးကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုများအထိ ဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – မြစ်ကြီးနားသတင်းဂျာနယ်







