ဝါရာဇွပ်ပြည်သူ့စစ်က ဒေသခံများကို ဖမ်းဆီးနှိပ်စက်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

ဝါရာဇွပ်ပြည်သူ့စစ်က ဒေသခံများကို ဖမ်းဆီးနှိပ်စက်နေဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး ဒေသခံ ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ ရှိနေကြောင်း ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာရှိ ဦးမင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ တပ်စွဲထားသည့် စံပြစခန်းကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၂) လက်အောက်ခံ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ပြည်သူ များကို ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သူတို့ရဲ့ အဖွဲ့တွေကို မွမ်းမံသင်တန်းပေးတာတဲ့။ အဲဒီသင်တန်းဆင်းပွဲလုပ်တဲ့အချိန် ကျနော်တို့ KIA တပ်မဟာ ၂ က ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အချိန် သူတို့ဆီမှာ နည်းနည်း ထိခိုက်နစ်နာမှုတွေရှိခဲ့တယ်လို့ ကြားမိတယ်။ အဲဒါပြီးတဲ့နောက် လီဒိုလမ်းဘက်မှာ လှုပ်ရှားသွားလာပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာ တွေ ရှိတယ်လို့ သတင်းရတယ်။”

ဩဂုတ်လ ၈ ရက်နေ့က အဆိုပါ စံပြစခန်းတွင် ဦးမင်းဇေသန့် တပ်ဖွဲ့များ အပါအဝင် အခြား ပူးပေါင်းတပ်ဖွဲ့ဝင် များ ဖြစ်ကြသည့် ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့၊ လီဆူ ပြည်သူ့စစ်အဖွဲ့ စသည့် အဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင် အယောက် ၉၀ ခန့်ကို မွမ်းမံသင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

KIA/KPDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း သိရသော်လည်း အဆိုပါ အချက်အလက်နှင့် ပတ်သက်၍ မြစ်ကြီးနားသတင်းဂျာနယ် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ကမူ အဝေးမှသာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဝါရာဇွပ် ဌာနေပြည်သူ့စစ် သင်တန်းသား တစ်ဦးမျှ ကျဆုံးခြင်းမရှိဘဲ အသေးစား ဒဏ်ရာရသူ ၂ ဦးသာ ရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း မီးကျောက် ဆုံးရှုံးမှုများလည်း မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုနေ့မှာပင် KIA နှင့် KPDF ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဦးမင်းဇေသန့်အဖွဲ့က မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော နောင်းမီကျေးရွာမှ ပြည်သူ ၄ ဦးကို ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခဲ့ကြောင်း သတင်း ကြားသိရသည်ဟု လီဒိုလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

၎င်းတို့ ၄ ဦးသည် ရွှေမှော်သို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စံပြစခန်းကို KIA က တိုက်ခိုက်ပြီးနောက် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု အဆိုပါ ပြည်သူက ဆိုသည်။ အဖမ်းခံရသူများ၏ မိဘများနှင့် ရပ်ရွာလူကြီးများ သွားရောက် ပြောဆိုရာတွင်လည်း ပစ်သတ်လိုက်ပြီဟု အကြောင်းပြန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အတိအကျ သိရှိနိုင်ရန် ဝါရာဇွပ် ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့်ထံ မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်း အခက်အခဲများကြောင့် ဆက်သွယ်၍ မရရှိခဲ့ ပေ။

ဩဂုတ်လ ၇ ရက်နေ့က ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တနိုင်းမြို့ဘက်သို့ သွားရောက်သည့် ခရီးစဉ် ရှိသဖြင့် ဦးမင်းဇေသန့်အဖွဲ့များ လုံခြုံရေးယူနေစဉ် အဆိုပါ ဒေသခံ ပြည်သူ ၄ ဦးကို စစ်ဆေးဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

၎င်း ဒေသခံ ပြည်သူ ၄ ဦးကို ဖမ်းဆီးထားစဉ် ထွက်ပြေးသည်ဟု အကြောင်းပြကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ ကြားသိရသော်လည်း ယနေ့အချိန်အထိ ရုပ်အလောင်း ထုတ်ပြခြင်းတော့ မရှိသေးပေ။

လက်ရှိတွင် ဦးမင်းဇေသန့်အဖွဲ့သည် လီဒိုလမ်းပေါ်ရှိ ၎င်းတို့ နေရာယူ တပ်စွဲထားသည့် ဂိတ်များတွင် စစ်ဆေးမှု များ ပြုလုပ်သည့်အပြင် ကျေးရွာများအတွင်းသို့ပါ ဝင်ရောက် စစ်ဆေးလျက် ရှိသည်။

လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာ အနီးဝန်းကျင်သည် ရွှေအများအပြား ထွက်ရှိသည့် နေရာများဖြစ်ပြီး စစ်တပ်၏ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ဖြစ်သော ဦးမင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နှင့် KIA/KPDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။

Most read this week

August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...