ဂိတ်ကြေးများသဖြင့် မြစ်ကြီးနား-ပူတာအို ပြေးဆွဲသည့် ကားသမားအချို့ ရပ်နား

ဂိတ်ကြေးများသဖြင့် မြစ်ကြီးနား-ပူတာအို ပြေးဆွဲသည့် ကားသမားအချို့ ရပ်နား

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ် ၁၁ ခုထက်မနည်းတွင် ဂိတ်ကြေးများ အလွန်အမင်း ပေးဆောင်နေရသဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူ ကားသမားအချို့ မတွက်ခြေမကိုက်တော့ဘဲ ပြေးဆွဲမှု ရပ်နားလာကြသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်တွင် နှစ်ဖက်တပ် ဂိတ်စုစုပေါင်း ၁၁ ခုခန့် ရှိပြီး အိမ်စီးကားအသေး ဖြင့် လူနှင့် ကုန်ပစ္စည်းအချို့ တင်ဆောင်ပါက ဂိတ်တစ်ခုလျှင် ပျမ်းမျှ ကျပ် ၃၀,၀၀၀ နှုန်းဖြင့် အနည်းဆုံး ဂိတ်ကြေး ကျပ် ၃ သိန်းခန့် ပေးဆောင်နေရသည်။ ကုန်ပစ္စည်း တင်ဆောင်မှုအပေါ် မူတည်၍ အချို့ဂိတ်များတွင် ကျပ်သိန်းဂဏန်းအထိ ပေးရလေ့ ရှိသည်။

ထို့ပြင် အသွားအပြန် ဓာတ်ဆီစရိတ်တစ်ခုတည်းပင် ကျပ် ၁၂ သိန်းခန့် ကုန်ကျပြီး ကားပျက်သည့်အခါမျိုးတွင် အမြတ်ငွေ မကျန်တော့ကြောင်း ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

မြစ်ကြီးနား-ပူတာအို ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “၂သိန်း - သုံးသိန်းလောက်ပဲ ကျန်တယ်။ အဲဒီမှာ ကားဘီးပြန်ပေါက်ရင်တော့ ငိုပြီပဲ။ တချို့ ရပ်နားကုန်ကြပြီ” ဟု ပြောသည်။

လတ်တလော စစ်အုပ်စု၏ တန်ဖရဲဂိတ်တွင် အရင်က ကျပ် ၄၀,၀၀၀ ကောက်ခံရာမှ လက်ရှိတွင် ကုန်ပစ္စည်း အပေါ် မူတည်၍ ကျပ် ၁ သိန်းခန့်အထိ ပေးရသည့်အပြင် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ စက်ပစ္စည်းနှင့် ဆိုင်ကယ်အသစ်များ တင်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားသည်။

လမ်းခရီး အခက်အခဲများကြောင့် ဒေသခံများ သွားလာမှု နည်းပါးသွားပြီး သက်ကြီးပိုင်း ခရီးသွားများသာ အများဆုံးဖြစ်ကာ လက်ရှိတွင် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ် ၂ သိန်းဖြင့် ပို့ဆောင်ပေးနေရသည်။

ခရီးစရိတ်နှင့် ဂိတ်ကြေးများကြောင့် အမြတ်အစွန်း မရရှိဘဲ မိသားစု စားဝတ်နေရေး ခက်ခဲလာသဖြင့် နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် ဂိတ်ကြေးများကို နားလည် ဖြေလျှော့ပေးစေလိုကြောင်း အထက်ပါ ကားသမားက ဆက် ပြောသည်။

“ကားသမားတွေလည်း နောက်ကွယ်မှာ မိသားစုနဲ့ဆိုတော့ အမြတ်မကျန်ရင် အဆင်မပြေဘူးပေါ့။ ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် နည်းနည်းနားလည်ဖြေလျှော့ပေးပြီး သွားလာနိုင်ရင်တော့ အဆင်ပြေတာပေါ့။ အဓိက ကတော့ နားလည်ဖြေလျှော့ပေးဖို့ပေါ့။”

ဂိတ်ကြေး ပေးဆောင်ရမှု များပြားပြီး ကားပြင်စရိတ်များနှင့်ပါ ပေါင်းလိုက်ပါက အမြတ်မကျန်တော့သဖြင့် မြစ်ကြီးနား-ပူတာအို လမ်းကြောင်းကို ရပ်နားကာ အခြားမြို့များသို့ လမ်းကြောင်းပြောင်း ပြေးဆွဲနေရကြောင်း  အခြား ကားသမားတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ဖော်ပြထားသည့် စာရင်းများအရ စစ်အုပ်စု၏ ပလန၊ လမုန်ဇွပ်နှင့် တန်ဖရဲဂိတ်တို့တွင် ကျပ် ၄၀,၀၀၀ စီ၊ တန်ဂျာနှင့် လုံရှာယန်ဂိတ်တို့တွင် ကျပ် ၁၀,၀၀၀ စီနှင့် မူလာရှီးဒီးဂိတ်တွင် ကျပ် ၈၀,၀၀၀ ပေးဆောင်ရသည်။

KIA ဂိတ်များဖြစ်သည့် ဝေရှီနှင့် ဆွမ်ပရာဘွမ်ဂိတ်တို့တွင် ကျပ် ၁၀,၀၀၀ စီ၊ ဖုန်အင်ဂိတ်တွင် ကျပ် ၁၅,၀၀၀ နှင့် တီယန်ဇွပ်ဂိတ်တွင် ကျပ် ၂၃၀,၀၀၀ ပေးဆောင်ရကြောင်း ဖော်ပြထားသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)

August 21, 2026
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် အဖိုးအဖွားများနှင့်...
August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...