အမျိုးသမီးစစ်မှုထမ်းခေါ်ယူမှုကို လုံးဝလက်မခံဟု MICS ပြော

အမျိုးသမီးစစ်မှုထမ်းခေါ်ယူမှုကို လုံးဝလက်မခံဟု MICS ပြော

စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) က ပြောဆိုလိုက်သည်။

MICS ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “အမျိုးသမီး စစ်မှုထမ်း ကိစ္စကို လုံးဝ လက် မခံ ဘူး။ ဒါ့အပြင် စစ်မှုထမ်းစနစ်က သာတူညီမျှစနစ် မဖြစ်နေဘူး။ အောက်ခြေလူတန်းစားကိုပဲ လာပြီး လည်ပင်း ညှစ်နေတဲ့ ကိစ္စကို လုံးဝ လက်မခံပါဘူး” ဟု ပြောသည်။

အမျိုးသမီး စစ်မှုထမ်းသင်တန်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်မှုထမ်း ခေါ်ဆောင်မှုများနှင့် ပတ်သက်၍ စောင့်ကြည့်နေသည့် Myanmar Defense & Security Institute (MDSI) က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သင်တန်းအပတ်စဉ်မှ သင်တန်းသူ အများစုမှာ ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ ဖြစ်ကြကြောင်းလည်း MDSI က ဆိုသည်။

စစ်မှုထမ်း ခေါ်ယူမှုကြောင့် အမျိုးသမီး အလုပ်သမားများအပေါ် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အပါအဝင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဦးသက်နှင်းအောင်က ပြောဆိုသည်။

စစ်တပ်၏ စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ထည့်သွင်းသတ်မှတ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းကလည်း ရန်ကုန်မြို့မှ စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦးအား စစ်မှုထမ်းဆောင်ရမည်ဟု ဆိုကာ သက်ဆိုင်ရာ ရပ်ကွက်ရုံးက ခေါ်ယူပြောကြားခဲ့ပြီး စစ်မှုမထမ်းဆောင်လိုပါက တစ်လလျှင် ကျပ်နှစ် သောင်း ပေးဆောင်ရန် တောင်းခံမှုများ ရှိခဲ့ကြောင်း MICS က ထုတ်ဖော် ပြောဆိုထားသည်။

လက်ရှိတွင်လည်း အမျိုးသားများကို စစ်မှုထမ်း ခေါ်ဆောင်ရာ၌ စစ်တပ်သည် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကို ပြုလုပ်၍ သင်တန်းများ ဆက်တိုက် ဖွင့်လှစ်လျက် ရှိသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...