နတ်ရေကန်စစ်ကူ စစ်ကြောင်းများ အထိနာသဖြင့် စစ်အုပ်စုတပ်က မစခ ၉၀၅ သို့ အင်အားဖြည့်

နတ်ရေကန်စစ်ကူ စစ်ကြောင်းများ အထိနာသဖြင့် စစ်အုပ်စုတပ်က မစခ ၉၀၅ သို့ အင်အားဖြည့်
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ အထိနာနေသဖြင့် ၎င်းစစ်ကြောင်းများအတွက် လက်နက်ခဲယမ်းနှင့် စစ်အင်အားများကို ဆုံကုန်းရှိ မစခ (၉၀၅) သို့ နှစ်ရက်ဆက်တိုက် ပို့ဆောင်ဖြည့်တင်းခဲ့သည်။

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းသို့ စစ်ကူဝင်ရောက်နိုင်ရန် ကြိုးစားနေသော စစ်ကြောင်း များသည် လက်ရှိအချိန်အထိ အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နတ်ရေကန် တောင်ပေါ်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဘက်မှ အထိအခိုက် အကျအဆုံး များပြားနေသဖြင့် ဩဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် လူအင်အားနှင့် လက်နက်အင်အားများကို ထပ်မံဖြည့်တင်းနေခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“လူအင်အားလည်း ဖြည့်တယ်။ လက်နက်ခဲယမ်းတွေလည်း ပါတယ်။ နှစ်ရက်မှာ ကားဆယ်စီးနဲ့ ဖြည့်တယ်။ အကုန် မစခ ၉၀၅ ကို ဝင်သွားတယ်။ ခုလိုမျိုး ကားတွေနဲ့ အင်အားဖြည့်နေတာတွေကို နေ့တိုင်း မြင်နေရတယ်။”

နတ်ရေကန်တောင်သို့ ထိုးဖောက်ရန် ကြိုးစားနေသော စစ်ကြောင်းများ ထိုးမဖောက်နိုင်ဘဲ အကြိမ်ကြိမ် အင်အားဖြည့်တင်းနေသော်လည်း အဆင်မပြေသည့်အပြင် အကျအဆုံးသာ ပိုမိုများပြားနေကြောင်း ဒေသခံ များက ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “ဩဂုတ် ၁၃ မနေ့ညက ပဇီဖက်ကလည်း စစ်ကြောင်းတက်တယ်။ ဂုတ်ကြီးဖက် ကလည်း တက်တယ်။ AA က အသင့်ရှိတော့ သူတို့ဖက်က တက်လာတာနဲ့ ပစ်ချတယ်။ ထိခိုက်ကျဆုံးမှု ရှိတာနဲ့ အဲဒီရွာတွေကို ပြန်နောက်ဆုတ် ဆင်းပြေးတယ်” ဟု ပြောသည်။

AA ပိတ်ဆို့ထားသော နတ်ရေကန်တောင် ဗျူဟာကုန်းမှာ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို တိုက်ခိုက်ခံ နေရသည့်အတွက် အဆောက်အအုံများ သာမက ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းနှင့် ဘန်ကာများ ပြိုပျက်နေကာ သုဿာန်တစပြင်ကဲ့သို့ ဖြစ်နေသည်။

ယခုကဲ့သို့ နတ်ရေကန်နှင့် စစ်ကူစစ်ကြောင်းများတွင် အကျအဆုံးများနေသဖြင့် ကပစ (၁၄)၊ ဆုံကုန်း အပါအဝင် အခြား လက်နက်ကြီး အထိုင်စခန်းများမှ ဟောင်ဝှစ်ဇာ အမြောက်ကြီးများ၊ အတွဲလိုက်ပစ် ဒုံးများဖြင့် နတ်ရေ ကန်တောင်နှင့် ပတ်ဝန်းကျင် တောင်ပေါ်ကျေးရွာများကို နေ့စဉ်ဆိုသလို ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် စစ်အုပ်စုတပ်သည် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် အုပ်စုလိုက် ဗုံးကြဲသည့်အပြင် ဒရုန်းများဖြင့်ပါ နေ့ရောညပါ နတ်ရေကန် ပတ်ဝန်းကျင် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်အုပ်စုတပ်သည် အင်အား ထောင်ချီ ဖြည့်တင်းပြီးနောက် နတ်ရေကန်တောင်သို့ ကားလမ်းအတိုင်း ထိုးစစ် ဆင်နေသည့်အပြင် မင်းလှမြို့နယ်နှင့် ပဒန်းကြားလမ်းမှ စစ်ကြောင်း၊ ငဖဲနှင့် ကပစ (၁၄) ကြားမှ စစ်ကြောင်း၊ ပဇီလမ်းဟောင်း စစ်ကြောင်း၊ ဂုတ်ကြီးလမ်းသစ် စစ်ကြောင်းဟု ခွဲကာ ရိုးတောင်သို့ ထိုးစစ်ဆင်ရန် ကြိုးစားနေ ကြောင်း စစ်ရေးနီးစပ်သူများက ပြောသည်။

Most read this week

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...