တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေ

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက စတင် ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတယ်လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု ပြန်ကြာရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ညောင်ပင်ကွင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တနင်္သာရီပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုနဲ့ မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၁)ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲဟာ ညောင်ပင်ကွင်းကျေးရွာကနေ ဘန်လော၊ မရင်းကြီးလမ်းဆုံး၊ တုံဗျောကျေးရွာတွေအထိ တိုက်ပွဲ ဧရိယာ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က နိုဝင်ဘာ ၂ ရက်နေ့ထိ ၅ ရက်တာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒုအရာခံဗိုလ်တစ်ဦး အပါအဝင် ၁၀ ဦး သေဆုံးထားပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု ပြန်ကြာရေး တာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူး တစ်ဦး သေဆုံးထားတယ်လို့ သတင်း ထွက်ပေါ်ပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ညောင်ပင်ကွင်း၊ ဘန်လော၊ မရင်းကြီး၊ခြောက်မိုင်၊ ထုံတော်၊ မုတ်ဆိတ်ကွင်း၊ ကျွဲထိန်းကွင်းကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ရွာနီးနားချင်းက ဆွေမျိုးနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ညောင်ပင်ကွင်း ကျေးရွာက ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၄၀ ကျော်အရွယ်အမျိုသား ၁ ဦး ပြင်ထန်းဒဏ်ရာရခဲ့သလို နေအိမ် ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်ထဲက ကျေးရွာဘက်အသွားအလာလမ်းတွေမှာ ပိတ်ဆို့စစ်ဆေးတာနဲ့ စားသောက်ကုန် သယ်ယူခွင့်တွေကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...