စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ပြင်ဆင်နေပြီလို့ NUG ပြော

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ပြင်ဆင်နေပြီလို့ NUG ပြော

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံတုံ့ပြန်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်အစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံတဝန်းက နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာသလို ပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ကျုးလွန်နေတာပါ။

အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကျေးရွာရှိ လက်ယက်ကုန်းစာသင်ကျောင်းနဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုတွေမှာ KIO အမှုထမ်းတွေ အပါအဝင် အရပ်သားတွေ အစုအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တုံ့ပြန်ဖို့အတွက် လေယာဉ်ပစ် လက်နက်တွေကို အထိရောက်ဆုံး ဖြစ်မယ့် နေရာတွေမှာ မဟာဗျူဟာကျကျ စီမံဆောင်ရွက်နေပြီလို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"ရဟတ်ယာဉ်ပစ်တဲ့ဟာမျိုး အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ ရထားတာ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ (MOD) ကနေ ဗျူဟာကျကျ အခင်းအကျင်းပေါ့နော်။ ဘယ်နေရာမှာ ချမယ်၊ ဘယ်နေရာမှာ ထားမယ်ဆိုတာ ဆင်ခြင်သုံးသပ်ပြီးတော့ အထိရောက်ဆုံး ဖြစ်ဖို့အတွက် နည်းနည်းရှိထားတဲ့ဟာကို စဉ်းစားဆင်ခြင် ဆောင်ရွက်နေရတဲ့ အနေအထားပါ" လို့ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ကာကွယ်ဖို့ မဖြစ်သေးပေမယ့် အထိရောက်ဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေအစိုးရအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအထိ လေယာဉ်ပစ်လက်နက်တွေ တပ်ဆင်သွားဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

NUG က လေယာဉ်ပစ် လက်နက်တချို့ ပိုင်ဆိုင်ထားပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ တုံ့ပြန်တိုက်ခိုက်တာတွေ မလုပ်သေးတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...