ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မယ်လို့ စစ်ခေါင်းဆောင် ပြော

ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မယ်လို့ စစ်ခေါင်းဆောင် ပြော

မြန်မာစစ်တပ်ဟာ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နေပြီး ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ တစ်ခြားနိုင်ငံတွေမှာလည်း အလားတူပဲလို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ဘယ်နိုင်ငံတွေရဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ရည်ညွှန်းတယ်ဆိုတာကိုတော့ ထုတ်ပြောခဲ့တာ မရှိပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုထက် တိုင်းရင်းသားလူမျိုးစုတွေ အပါအဝင် ဒီမိုကရေစီအင်အားစုအားလုံးရဲ့ သဘောတူညီချက်နဲ့ အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုက ဆွစ်ဇာလန်လိုမျိုး၊နယ်သာလန်လိုမျိုး၊ ကနေဒါလိုမျိုး ချွတ်စွတ်ပုံတူကူးချတာတော့ သဘာဝမကျဘူးလို့ နားလည်ထားတယ် ဖြစ်သင့် ဖြစ်ထိုက် တာထက် ကျွန်တော်တို့ အားလုံးရဲ့ ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် တိုင်းရင်းသားလူမျိုးများ အားလုံးရဲ့ သဘောတူညီချက်၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ အကြေအလည် ညှိနှိုင်းဆွေးနွေးသွားပြီးတော့ ကိုယ့်နိုင်ငံရဲ့ အခင်းအကျင်းနဲ့ ကိုက်ညီမယ့် ဖက်ဒရယ်စနစ်၊ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ပြီး ဖော်ဆောင်သွားဖို့ ရှိတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ မျက်ကွယ်ပြုလို့မရကြောင်းနဲ့ ပြည်ပ ပယောဂတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဝိဝါဒကွဲပြားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေအပေါ် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ပြီးဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီဟာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA/မိုင်းလား) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်တို့က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ငြိမ်းချမ်းရေးဆွေးနွေးတာပါ။

ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း “ဝ” ပြည်နယ်နဲ့မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ဖို့ မူအားဖြင့် သဘောတူညီမှု ပေးပြီး တိုင်းရင်းသားတွေကြား ခွဲခြားသပ်လျှိူတာတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးသမားတွေ ဝေဖန်လိုက်ပါတယ်။

အခုအခါ စစ်ကောင်စီဟာ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...