ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းဒေသရှိ တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းက တစ်ရွာလုံး ရေနစ်မြုပ်ခဲ့သဖြင့် လက်ရှိတွင် ရွာသားများသည် စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီ များ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြားချောင်းတောင်ကျရေများသည် ယိုးချောင်းနှင့် ပေါင်းစုံကာ ဒီရေတက်လာ ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ နေရာဒေသက တောင်က ဆင်းလာတဲ့ ရေတွေဆိုရင် တဟုန်ထိုး ဆင်းလာပါတယ်။ ရွာလမ်းတွေ အကုန်လုံး ပိုင်းသွားတာတွေ ရှိပါတယ်။ ၆ လပိုင်းလောက်ကပင် လမ်းတွေမှာ ကျောက်ထည့်ထားတာတွေ ရေထဲ မျောပါသွားပါတယ်။ ရွာသားတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံကြပါတယ်။ ရေကြီးတဲ့အခု ထမင်းတွေကို စားပွဲခုံတွေမှာ ကြုံရာကျပန်း ချက်ရပါတယ်။ ထမင်း၊ ဟင်းတွေကိုက ဖြစ်သလို ချက်စားရပါတယ်” ဟု တောင်ပေါက် (ယိုးချောင်း) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဦးချေက ပြောသည်။
တောင်ပေါက်ကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ နီးပါး နေထိုင်ကြကာ နေအိမ်များ ရေနစ်မြုပ် စဉ်အတွင်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွင် တစ်ရွာလုံး တိမ်းရှောင်ခဲ့ကြရသည်။
ရေကြီးရေလျှံမှုများကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အားလုံး ရေနစ်မြုပ်ခဲ့သည့်အပြင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် တံတားလည်း ကျိုးပျက်သွားခဲ့ရသည်။ ထို့ပြင် နေအိမ်အချို့ ပျက်စီးသွားပြီး လမ်းများ လည်း ပျက်စီးသွားသည့်အပြင် ရေကန်များ ရေမြုပ်ကာ နောက်ကျိနေသဖြင့် သောက်သုံးရေ အခက်အခဲနှင့်ပါ ရင်ဆိုင်နေရသည်။
ယခုကဲ့သို့ ရေဘေးကြောင့် လက်ရှိတွင် ကျေးရွာသားများမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
တောင်ပေါက်ကျေးရွာသား ကိုကျော်အေးက “တစ်ရွာလုံး တောင်တန်းအနီးတွေကို ပြေးရပါတယ်။ ကလေး တွေနဲ့ဆိုတော့ ရေမကြီးမီ ရွာသားတွေ ကြိုတင်လို့ ပြေးရတာပါ။ နေဝင်ချိန် ပြေးရတာက ပိုမို ခက်ခဲပါတယ်။ မတော်ရင် ခြေချော်တာနဲ့ ရေထဲမျှော ပါသွားရင် သေဆုံးသွားနိုင်ပါတယ်။ ကြက်တွေ ရေထဲ မျောပါသွားတယ်။ ဝက်တွေ၊ နွားတွေကို ရှာမတွေ့တော့ဘူး။ ဆင်းရဲတဲ့ လူတွေ ဆိုတော့ ရေကြီးလို့ တစ်ရက်တောင်မတက်ရင် တစ်ရက်စားသောက်ရေးတွေမှာ အခက်အခဲ တွေ့ရှိပါတယ်” ဟု ပြောသည်။
တောင်ပေါက်ကျေးရွာသည် ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ရေဘေးသင့် ပြည်သူများကို ULA အစိုးရအပါအဝင် အခြားအဖွဲ့အစည်းများကလည်း လာရောက်ကူညီနိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် လက်ရှိတွင် စားနပ်ရိက္ခာ၊ အရေးပေါ်သောက်သုံးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အမြန်ဆုံး ရရှိရန် တောင်ပေါက်ကျေးရွာသားများက မျှော်လင့်နေကြသည်။
တောင်ပေါက်ကျေးရွာမှ ဒေါ်ခိုင်သိန်းနုက “ကျန်းမာရေးပိုင်းတွေမှာဆိုရင် ကျမက ကျန်းမာရေးမကောင်းပါ။ ရင်ဘတ်တွေ ဆို့အောင့်တယ် ထမင်း မျိုလို့ မကျဘူး။ ဆေးကုသမှုမှာလည်း ပိုက်ဆံမရှိတော့ ဆေးမကုသနိုင် ပါ။ ဆေးတစ်လုံးကိုက ၅၀,၀၀၀၊ ၆၀,၀၀၀ ကျပ်နဲ့ ဆေးမထိုးနိုင်ပါ။ ၅၀,၀၀၀၊ ၆၀,၀၀၀ ကျပ် တောင်းတော့ ဆေးမကုသနိုင်ပါ။ ဖြစ်နိုင်ရင် ဆေးတွေကို အခမဲ့ထိုး ပေးစေချင်ပါတယ်” ဟု ပြောသည်။
တောင်ပေါက်ကျေးရွာသည် ယိုးချောင်းဒေသတွင် တည်ရှိပြီး ဝေးလံခေါင်သီ၍ လူသိနည်းသည့် ကျေးရွာတစ်ခု ဖြစ်သည်။ ကျန်းမာရေးကဏ္ဍတွင်လည်း အခက်အခဲများစွာရှိနေပြီး ရေလမ်းကြောင်းကိုသာ အသုံးပြုကာ ကန်စောက်ကျေးရွာသို့ လာရောက်ဆေးကုသနေကြရသည်။
လက်ရှိတွင် ရွာအတွင်း ရေပြန်လည်ကျသွားသော်လည်း နောက်ဆက်တွဲအနေဖြင့် ကူးစက်ရောဂါအပါအဝင် ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာ အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
အဆိုပါကျေးရွာသားများသည် တောတောင်ကို အမှီပြုပြီး ဥယျာဉ်ခြံမြေ၊ မျှစ်ချိုး၊ သစ်ခုတ်စသည့် အလုပ်များ နှင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်ပြီး အများစုမှာ ဆင်းရဲချို့တဲ့သူများ ဖြစ်ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရခိုင်ပြည်ရှိ မြို့နယ် ၁၀ ခုထက်မနည်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်ပြည်သူ လူဦးရေ ၁ သိန်းခွဲကျော်အထိ ရှိနေကြောင်း လူမှုကူညီရေးအဖွဲ့များက ဆိုသည်။







