စစ်တပ် အသွင်ပြောင်း အစိုးရလက်ထက်တွင် ကြက်ဥဈေး ထိုးတက်လာ

စစ်တပ် အသွင်ပြောင်း အစိုးရလက်ထက်တွင် ကြက်ဥဈေး ထိုးတက်လာ

မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ ဝန်းကျင်အထိ ပေးဝယ်နေရပြီး ဒီဈေးနှုန်းသည် NLD အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ၇ ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။

ကြက်ဥဈေးနှုန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်က တစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ အနည်းဆုံး ကျပ် ၄၅၀ မှ ကျပ် ၅၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ တစ်လုံးလျှင် ကျပ် ၇၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်လာခဲ့သည်။

ကြက်ဥဈေးနှုန်း မြင့်တက်လာရခြင်းမှာ စစ်တပ်အသွင်ပြောင်း အစိုးရ၏ လွဲမှားသော မူဝါဒနှင့် မွေးမြူရေးသုံး သွင်းကုန်ပစ္စည်းများကို ကန့်သတ်ပိတ်ပင်မှုများကြောင့်ဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက တညီတညွှတ်တည်း ပြောဆိုကြသည်။

ကြက်မွေးမြူရေးခြံရှင်တစ်ဦးက ကြက်ဥဈေးနှုန်း မြင့်တက်လာရခြင်းမှာ မျိုးရင်းကြက်များနှင့် ဆေးဝါးများမှအစ တင်သွင်းခွင့်မပြုခြင်းကြောင့်ဟု သံလွင်တိုင်းမ်သို့ ပြောသည်။

“အဓိကကတော့ ဥစားမယ့် ကြက်မကြီးတွေဖြစ်တဲ့ မျိုးရင်းကြက်တွေ တင်သွင်းခွင့် မရတာလည်း ပါတယ်လေ။ အသစ်မသွင်းနိုင်တော့ အခက်အခဲရှိတယ်။ နိုင်ငံခြားငွေ ပေးမထွက်ချင်တော့ အစိုးရကိုယ်တိုင်က ပေးမသွင်းဘူး။ ရှိတဲ့အဟောင်းတွေနဲ့ပဲ အလုပ်လုပ်နေရတယ်။ ကုန်ကြမ်းဈေးတက်တယ်၊ ဆေးဝါးတွေ ရှာလို့မရဘူးဆိုတော့လည်း ဈေးတက်တာပေါ့” ဟု ၎င်းက ဆိုသည်။

ဒါ့အပြင် ကြက်မွေးမြူရေးအတွက် အစာကုန်ကြမ်းများကို ဆက်လက်ပိတ်ပင်ထားပါက မကြာမီကာလအတွင်း မွေးမြူရေးလုပ်ငန်းများပါ ပြိုလဲလာနိုင်ကြောင်းလည်း ထောက်ပြထားသည်။

ကြက်ဥဈေးနှုန်း မြင့်တက်လာမှုသည် မွေးမြူရေးထုတ်ကုန်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန် မြင့်တက်လာခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းနှင့် ကာကွယ်ဆေးမရသဖြင့် ဥစားကြက်များ သေဆုံးမှုများပြားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မွေးမြူရေးကျွမ်းကျင်သူတစ်ဦးကမူ မွေးမြူရေးသွင်းကုန်များကို ဆက်လက်ပိတ်ပင်ထားပါက ကြက်ဥဈေးနှုန်း အဆမတန် ထပ်မံမြင့်တက်လာနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း သံလွင်တိုင်းမ်သို့ ပြောသည်။

“အခုက တင်သွင်းခွင့် ပါမစ်တွေ ပိတ်ထားတဲ့အတွက် ကြက်အကောင်ရေ နည်းသွားတာပေါ့။ နည်းသွားတဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ဘဲ ကြက်ဥဈေးတက်သွားတာ။ ကြက်ဥဈေးတက်လို့ ယာယီညှိနှိုင်းတာတွေ လုပ်နေတယ်။ ခဏတော့လည်း ဈေးကျမှာပေါ့။ ရေရှည် ချယူလို့ရတဲ့ အလုပ်တော့ မဟုတ်ဘူး၊ ဒါထက်မက အဆမတန် တက်သွားဦးမှာပဲ” ဟု ၎င်းက ပြောသည်။

ကြက်ဥဈေးနှုန်း ကျဆင်းရေးအတွက် မွေးမြူရေးကုန်ကြမ်းပစ္စည်းများကို ပြန်လည်ပေးသွင်းသင့်ပြီး မပေးသွင်းပါက အခြားအခြေခံစားသောက်ကုန်များပါ လိုက်လံဈေးတက်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ်အသွင်ပြောင်း အစိုးရကမူ ကြက်ဥဈေးနှုန်း ထိုးတက်လာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်အသင်းကို ဖိအားပေး၍ တစ်လုံးလျှင် ကျပ် ၅၅၀ ဖြင့် ရန်ကုန်မြို့တွင်း လိုက်လံရောင်းချခိုင်းနေသလို ကျန်ရှိသည့် မြို့နယ်များတွင်လည်း အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ညွှန်ကြားထားသည်။

အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥဈေးနှုန်းသည် NLD အစိုးရလက်ထက်က တစ်လုံးလျှင် ကျပ် ၁၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် ကျပ် ၇၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့သဖြင့် အခြေခံလူတန်းစားများ လက်လှမ်းမမီသည့် အခြေအနေသို့ ရောက်ရှိလာနေပါသည်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...