ကလေးသူငယ်တွေအတွက် စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ တောင်းဆို

ကလေးသူငယ်တွေအတွက် စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ တောင်းဆို

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် သေဆုံးထားတဲ့ ကလေးသူငယ်တွေအတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီက လူနေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုတွေကြောင့် ကလေးသူငယ် သေဆုံးမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပရောဂကြောင့် နိုင်ငံတဝန်းမှာ ကလေးသူငယ် ၃၅၀ နီးပါး သေဆုံးထားပြီး ကလေးသူငယ် ၁၅၀၀ ကျော်ဟာလည်း မတရားဖမ်းဆီးထိန်း သိမ်းခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းအပေါ် စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေ အစုလိုက် အပြုံအလိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ တွေးကြည့်လို့တောင်မရတဲ့ ဆိုးရွား တဲ့ လုပ်ရပ်တွေကို လုပ်ကိုင်နေပြီး ဒီကိစ္စရပ်တွေအတွက် နိုင်ငံတကာ အဖွဲ့ အစည်းတွေအနေနဲ့ စာထုတ်ပြန်ယုံ မဟုတ်ဘဲ စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး က တောင်းဆို လိုက်တာပါ။

“ ဒါသူတို့ရဲ့ ဆိုးရွားပြင်းထန်တဲ့ စစ်ရာဇဝတ်မှု တွေဖြစ်တယ်။ပြီးခဲ့တဲ့ ဒီပဲယင်းကိစ္စမှာဆိုရင် ကျွန်မတို့ အင်မတန်မှ စိတ်ထိခိုက်ကြေကွဲရပါတယ်။အရွယ်မရောက်သေးတဲ့ ကလေးတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ ကလေးတွေက နာလွန်းလို့ သတ်ပေးပါလို့်အော်ဟစ်မြည်တမ်းတာတွေ့ကြုံရတာ အင်မတန်စိတ်ထိခိုက်ရတယ်။ဒီအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက စာထုတ်ပြန်ရုံမဟုတ်ဘဲ စစ်ကောင်စီကိုအ‌ရေးယူနိုင်မယ့်အခင်းအကျင်းကိုဖန်တီးပေးနိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြဖို့လိုတယ်”လို့ သူကဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မိဘတွေကို ဖိအားပေးဖို့အတွက် ကလေးသူငယ် ၆၅ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ကိစ္စရပ်မျိုးတွေကိုလည်း ကျူးလွန်နေသလို စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ် အရေအတွက်မှာလည်း (၁၄၀၀၀) ကျော်ထိ ရှိလာခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကလေးသူငယ် ထက်ဝက်ကျော်မှာလည်း ကျောင်းတက်ခွင့်နဲ့ ပညာသင်ကြားခွင့်တို့ ဆုံးရှုံးလျက်ရှိနေတယ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုထားတာပါ။

အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ ဆက်ဆံတာ မလုပ်ဘဲ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်ဆံဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀၀ ကျော်ကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ထံ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုထားပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...