မိုးမောက်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၃၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

မိုးမောက်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၃၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ
ခါနန်နှင့် ဝဝမ်ကျေးရွာ ဒေသခံများ ၃၀၀ ဝန်းကျင် မိုးမောက်မြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြင်ကွင်း
ခါနန်နှင့် ဝဝမ်ကျေးရွာ ဒေသခံများ ၃၀၀ ဝန်းကျင် မိုးမောက်မြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြင်ကွင်း

မိုးမောက်မြို့တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာနေသောကြောင့် နှစ်ဖက်တပ်ကြားတွင် ရှိနေသော ဒေသခံ ၃၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေသည်ဟု သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဗန်းမော်မြို့မှ စစ်ကောင်စီ ခမရ ၄၃၇ အင်အား ၂၀၀ ကျော် ဝင်ရောက်လာပြီး လက်ရှိ မိုးမောက်မြို့ ခါနန်ရပ်ကွက်အရှေ့ခြမ်း နှင့် အနောက်ခြမ်းတွင်ရှိသော KIA နှင့် ထိပ်တိုက်အနေအထားရှိနေသောကြောင့်တိမ်းရှောင်ရခြင်းဖြစ်သည်ဟု မိုးမောက်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

''အခုက တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေကြတဲ့အနေအထားပေါ့။ သူတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကွာအဝေး ပေ ၄၀၀ လောက်ပဲ ရှိတယ်ဗျ။ ခါနန်ရပ်ကွက်က အိမ်တွေနဲ့ ဝဝမ်ရွာက အိမ်တွေနဲ့ကာနေလို့သာ တစ်ဖွဲ့နဲ့တစ်ဖွဲ့မမြင်ရတာ အခုက ဟိုဖက်ကနေ နည်းနည်းလေးတက်ခဲ့ရင်ပစ်မယ် ဒီကေအိုင်အေတွေဘက်ကနေ လည်းနည်းနည်းလေးရှေ့တိုးလာတာနဲ့ပစ်မယ်။ အဲ့လိုမျိုးဖြစ်နေတာ သူတို့နှစ်ဖွဲ့ကြားမှာက ပေ ၄၀၀ လောက်ပဲ ခြားတာ''ဟု ပြောသည်။

ခါနန်ရပ်ကွက် နှင့် ဝဝမ်ကျေးရွာသည် တစ်ဆက်တည်း တည်ရှိနေပြီး လက်ရှိ စစ်ကောင်စီ ခမရ ၄၃၇ စစ်ကြောင်းသည် ခါနန်ရပ်ကွက် အထက်တန်းကျောင်းအနီး နှင့် ခါနန် KBC ဘုရားကျောင်းရှေ့၊ စသည့် နေရာများတွင် စစ်ကြောင်း နှစ်ကြောင်းခွဲကာ တပ်ချထားသည်။

ထို့ကြောင့် ခါနန်နှင့် ဝဝမ်ကျေးရွာမှ ပြည်သူ ၂၀၀ ကျော်က လက်ရှိ မိုးမောက်မြို့တွင်း သို့ ယာယီပြောင်းရွေ့နေရကြောင်း သိရသည်။

ခါနန်ရပ်ကွက်သည် မိုးမောက်မြို့အတွင်းရှိ ရပ်ကွက်များမှ နယ်နမိတ်အကျယ်ဆုံးဖြစ်ပြီး နောက်ထပ် ခါနန် ပြည်သူ ၁၀၀ ကျော်ခန့်က ကြေးနန်ရပ်ကွက်နှင့် အလင့်ကောင့် (Alen Kawng) ရပ်ကွက် ၂ခုဘက်သို့ ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ ခမရ ၄၃၇ စစ်ကြောင်းသည် ယမန်နေ့က မိုးမောက်မြို့သို့ စစ်ကြောင်းထိုးဝင်လာစဉ် လမ်းတစ်လျှောက်၌ တွေ့သမျှ ပြည်သူများကို ရပ်တန့်စေကာ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ စသည့်နယ်မြေများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ဖြင့် နယ်မြေချင်းဆက်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော အလော့ဘွမ်တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...