ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ-မကွေးတိုင်းက ဩဂုတ်လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ယာဉ်တန်းတွင် ကား ၁၂၆ စီး ပါဝင်ပြီး ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိတ္ထီလာမြို့ဘက်မှ ပြည်မြို့သို့ အသုတ်လိုက် ထွက်ခွာလာခြင်းဖြစ်သည်။
စစ်ကားများပေါ်တွင် ပါလာသည့် စစ်သားများမှာ ရှမ်းပြည်နယ်၊ ကလော အခြေစိုက် တပ်မ ၅၅ မှ တပ်များနှင့် ရဲတပ်ရင်းများ ဖြစ်ကြပြီး ဩဂုတ်လ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် မကွေးမြို့သို့ စတင် ဝင်ရောက်ခဲ့သည်။
ဩဂုတ်လ ၂၀ ရက် နံနက်တွင် မကွေးလေတပ်၊ ခမရ - ၃၁၇ နှင့် အမှတ် (၅၀၁၃) တင့်ကားတပ်ရင်းတို့တွင် ဖြန့်ခွဲ အနားယူခဲ့ကြသည်။
ထို့နောက် မကွေး - သစ်ရာကောက် - ကိုးပင် လမ်းအတိုင်း ဆက်လက် ထွက်ခွာခဲ့ပြီး ကိုးပင် ရဲစခန်းရှေ့တွင် ခေတ္တ နားနေစဉ် နေပြည်တော်ဘက်မှ ခဲယမ်းများ တင်ဆောင်လာသည့် ကားအစီးရေ ၃၀ ပါ ယာဉ်တန်းနှင့် ပူးပေါင်းကာ ကားအစီးရေ ၁၅၀ ကျော်ဖြင့် အောင်လံမြို့ဘက်သို့ ဆက်လက် ထွက်ခွာခဲ့သည်။
ထိုမှတဆင့် သရက်ခရိုင်၊ အောင်လံမြို့ကို ဖြတ်၍ တောင်ဘက်သို့ ဦးတည် ထွက်ခွာခဲ့ပြီး လက်ရှိတွင် အဆိုပါ စစ်ယာဉ်တန်းမှာ ပြည်မြို့သို့ ရောက်ရှိနေသည်။
စစ်ယာဉ်တန်းသည် ဩဂုတ်လ ၂၁ ရက်နေ့အထိ ပြည်မြို့ အနီးတဝိုက်တွင် ရှိနေခဲ့ပြီး ဈေးဆိုင်နှင့် စုရပ်အချို့တွင် စစ်သားအချို့၏ ပြောဆိုချက်အရ ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးနိုင်ခြေ ရှိကြောင်း ပြည်ဒေသခံ ၂ ဦးက နိရဉ္စရာသို့ ပြောသည်။
ပြည်ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကားအစီး တစ်ရာကျော်တယ်အဖြတ်လိုက်လာတာ။ ဒေသခံတွေ ကြောက်လို့ အနီးအနား မသွားရဲဘူး။ ပြည်မြို့နေရာ အနှံ့လျှောက်သွားနေတာလည်း မရှိဘူး။ ဘုရားကြီး ဘက်လာတဲ့ စစ်သားတွေက ရိုးမဖက်တက် မလိုလို၊ ပေါက်ခေါင်းကို တဝက်သွား မလိုလိုပြောတယ်။ သေချာတာက ရခိုင်ရိုးမ ပြည် - တောင်ကုတ်လမ်းအတိုင်း တဝက်လောက်သွားမယ်လို့ သိရတယ်။ တော် လှန်ရေးအဖွဲ့ တချို့ကလည်း ပြည်သူတွေသတိထားဖို့ အသိပေးနေတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ပြည်မြို့ အနောက်ဘက်သို့ ဆက်တက်ပါက ပန်းတောင်-ဥသျှစ်ပင်-တောင်ကုတ် လမ်းပိုင်းပေါ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဧရာဝတီတိုင်းဘက်သို့ ဆင်းပါကလည်း ပြည်-ဥသျှစ်ပင်-ကွင်းကောက်-ငသိုင်းချောင်း လမ်းပိုင်းများသို့ ရောက်ရှိမည် ဖြစ်သည်။
လမ်းပိုင်း နှစ်ခုလုံးမှာ ရခိုင်ဘက်သို့ ဦးတည်နေသဖြင့် ရခိုင်သို့ စစ်ကြောင်းထိုးရန် ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိကြောင်း ပြည်မြို့ရှိ စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။
အခြား ပြည်မြို့ သတင်းအရင်းအမြစ် တစ်ဦးကလည်း “ပြည်ကို ဒီလောက်အင်အားဖြည့်တာပြည်မှာ ပေါက် ခေါင်းဘက် တိုက်ပွဲတခါတလေပဲဖြစ်တာလေ၊ ရခိုင်ရိုးကိုကျော်ပြီးတောင်ကုတ်ဖက်တက်မယ်လို့ လူတိုင်း ပြောနေကြတယ်။ တပ်ချိန်းတာလား။ စစ်ကြောင်းထိုးမလားတော့ မပြောတတ်ဘူး” ဟု ပြောသည်။
ပြည်မြို့နယ်သည် ရခိုင်ပြည်၊ တောင်ကုတ်-အမ်း ဘက်သို့ သွားသည့် တောင်ကုတ်တောင်ကြားလမ်း၏ အဓိက ထွက်ပေါက်မြို့ဖြစ်ပြီး ညောင်ကျိုး၊ ညောင်ခြေထောက်နှင့် ကပစ (၁၆) အနီးဝန်းကျင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကာ AA နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှာ ရိုးမတောင်ခြေအနီးအထိ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။
မကွေးတိုင်းနှင့် ရခိုင်နယ်စပ်တွင် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ် တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါ တပ်များကို လက်ရှိ စစ်ယာဉ်တန်းဖြင့် အင်အားဖြည့် တင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။
ရခိုင်-မကွေး အစပ်၊ ရခိုင်-ပဲခူး အစပ်နှင့် ရခိုင်-ဧရာဝတီ အစပ်တို့တွင် နေရာ ၅ ခုထက်မနည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ထားသည်။







