ဖရူဆိုအနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ

ဖရူဆိုအနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက် သတ္တပတ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က ဩဂုတ်လ ၂၁ ရက်၊ နေ့လယ် ၁ နာရီကျော်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်က ဒရုန်းဖြင့် ၂ ကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂ လုံးအပြင် ဆိုင်ကယ် ၄ စီးလည်း ထိမှန်ပျက်စီးခဲ့သည်။

“ဒီတိုင်း အငယ် ( ဒရုန်းအသေး) လာထောက်ပြီးမှ အကြီး လာကြဲတာ၊ တော်သေးလို့တစ်ယောက်မှ မရှိဘူးအိမ် မှာ။ ပထမ တခေါက်က ၁၂၀ တစ်လုံးထဲ လာကြဲတယ်။ ဒုတိယ တခေါက်က သုံးလုံးလာကြဲတယ် မီးလောင်ဗုံး တလုံးနဲ့ ၈၁ (မမ) နှစ်လုံး” ဟု အသက် ၂၃ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ဩဂုတ်လ ၁၈ ရက် တစ်ရက်တည်း၌ပင် ဖရူဆိုမြို့နယ် အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ ကျေးရွာ များကို စစ်အုပ်စုတပ်က ၆ ကြိမ်ထက်မနည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံများလည်း စိုးရိမ်ထိတ်လန့်နေကြသည်။

“နေ့လည် ၁ နာရီကျော်မှာ နှစ်လုံး နှစ်ကြိမ်ပေါ့၊ နေအိမ်ပျက်စီးသွားတယ်။ မိုးချုပ်ခါနီးလည်း ထပ်ကြားသေးတယ်” ဟု ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့လည်း ဒရုန်းဖြင့် ၄ ကြိမ်ခန့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“၁ နာရီကျော်မှာ ၂လုံးလာကြဲတယ်။ ၃ နာရီကျော်မှာ ၄ လုံး ပြန်လာချတယ်။ အထိအခိုက်တော့ မရှိဘူး” ဟု ၎င်းက ဆက် ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် နွားကျောင်းနေသည့် အမျိုးသားတစ်ဦး၏ ခြေထောက်တွင် ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ်လအတွင်း ဖရူဆိုမြို့နယ်ရှိ ကျေးရွာများနှင့် တောင်ယာခင်း လုပ်ငန်းခွင်များကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် နေ့စဉ်ရက်ဆက် ကင်းထောက် ပျံဝဲခြင်း၊ ဗုံးကြဲခြင်းများ ခပ်စိပ်စိပ် ပြုလုပ်နေသဖြင့် အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ဒရုန်းအန္တရာယ်ကြောင့် ဒေသခံများသည် တောင်ယာလုပ်ငန်းခွင်သို့ သွားရောက်ခြင်း မရှိတော့သည့် အပြင် ကျေးရွာများတွင်လည်း မနေထိုင်ကြတော့ဘဲ ရွာပြင်ဘက်သို့ တိမ်းရှောင်နေကြရသည်။

ကန္တာရဝတီတိုင်း(မ်)၏ လက်လှမ်းမီ စာရင်းများအရ ဖရူဆိုမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...