ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ် ပူးပေါင်း တပ်များက နယ်စပ်မှတ်တိုင် ၃၀ ဘက်သို့ ဒီရက်ပိုင်းအတွင်း ထိုးစစ်အရှိန် မြှင့်တင်လာကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။
လက်ရှိတွင် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ် ဌာနချုပ်ရှိရာ မှတ်တိုင် ၃၁ အနီးသို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များ ချဉ်းကပ်လာပြီး နယ်စပ်မှတ်တိုင် ၃၀ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ တာဝန်ရှိသူက “ကျနော်တို့ KIA ပူးပေါင်းတပ်ဘက်ကတော့ နယ်စပ်မှတ်တိုင် ၃၀ အထိ ရောက်ထားပြီ။ မှတ်တိုင် ၃၁ က ခေါင်လန်ဖူးပြည်သူ့စစ်ဌာနချုပ် ထိုင်ထားတဲ့နေရာဖြစ်တော့ အတော်လေးနီးကပ်လာတဲ့ အနေအထားပါ။ စစ်ကောင်စီပူးပေါင်းတပ်တွေကတော့ ခေါင်လန်ဖူးကနေ နေ့ညမနား ထိုးစစ်ဆင်လာနေတာ ဟုတ်တယ်။ အကျအဆုံးလည်း တော်တော်များတယ်” ဟု ပြောသည်။
ထို့ကြောင့် စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်များသည် ၎င်းတို့ ထိန်းချုပ်ထားသည့် ခေါင်လန်ဖူးမြို့နှင့် မှတ်တိုင် ၃၁ မကျဆုံးစေရေးအတွက် မှတ်တိုင် ၃၀ ဘက်သို့ ထိုးစစ်အရှိန် မြှင့်တင်နေခြင်းဖြစ်သည်။
၎င်းတို့သည် ဩဂုတ်လအတွင်း မှတ်တိုင် ၃၀ ဘက်သို့ ၅ ကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရှေ့သို့ ဆက်မတိုးနိုင်ဘဲ မှတ်တိုင် ၃၁ အနီးဝန်းကျင်၌သာ ရှိနေသေးသည်။
ဩဂုတ်လ ၂၅ ရက်နေ့ကလည်း မှတ်တိုင် ၃၀ ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဘက်က အရေးနိမ့် ဆုတ်ခွာသွားခဲ့ရပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ သတင်းရင်းမြစ်က “မှတ်တိုင် ၃၀၊ အမတ်ပေါ်အထက်နားမှာ လှုပ်ရှားရင်း ထိတွေ့ကြတာ။ စစ်ကောင်စီ စစ်သားတချို့ ဖမ်းမိထားတာရှိတယ်။ အရေအတွက်အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ခေါင်လန်ဖူးမြို့ကို လက်မလွှတ်ရရေးအတွက် မှတ်တိုင် ၃၀ ဘက်သို့ စစ်အင်အား အများ အပြားဖြင့် ထိုးစစ်ဆင်နေစဉ် ခေါင်လန်ဖူးမြို့ခံများနှင့် ကျေးရွာနေ ပြည်သူများကို အဓမ္မခေါ်ယူကာ ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ယူခိုင်းလျက်ရှိသည်။
ထို့ပြင် မှတ်တိုင် ၃၀ နှင့် အမတ်ပေါ်ဘက်သို့ စစ်ကြောင်းထိုးနေစဉ် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်ခိုက် ရေးဒရုန်းများ အသုံးပြု၍ ကျေးရွာများအတွင်း ဗုံးကြဲခြင်းများ ပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် အမတ်ပေါ်နှင့် ရှိန်းခေါင် အပါအဝင် မှတ်တိုင် ၃၀ အနီးတစ်ဝိုက်မှ ကျေးရွာနေ ပြည်သူများသည် ဇူလိုင်လကတည်းက ပူတာအိုမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
KIA ပူးပေါင်းတပ်များသည် စစ်ရေးအရ အရေးပါသည့် လမ်းပိုင်းတွင်ရှိသော ခေါင်လန်ဖူးမြို့နယ်မှ လာဟီဆင် ရှေ့တန်းစခန်းနှင့် ဆော့လော်မြို့နယ်မှ လန်ဆယ်ရွာတို့ကို ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု ပူးပေါင်းတပ်များသည် လက်လွှတ်ခဲ့ရသည့် လာဟီဆင်နှင့် လန်ဆယ်တို့ကို ပြန်လည်ရရှိရေးအတွက် ၂၀၂၅ ခုနှစ် တစ်နှစ်လုံး ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
လက်ရှိတွင် အဆိုပါ လာဟီဆင်နှင့် လန်ဆယ်ဘက်သို့ ထိုးစစ်များကို ရပ်နားထားပြီး ခေါင်လန်ဖူးမြို့နှင့် နီးကပ်လာသည့် မှတ်တိုင် ၃၀ ဘက်သို့ အဓိကထား၍ ထိုးစစ်ဆင်လျက်ရှိသည်။







