မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင် မြို့အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး လူဦးရေ အနည်းဆုံး ၂,၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းထားရ ကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ဘားအံမြို့တွင် သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က သတိပေးထားသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင်လည်း သောင်ရင်းမြစ်ရေ ထက်မံ မြင့်တက်လာနေပြီး မြို့၏ မြေနိမ့်ပိုင်း နေရာများနှင့် မြစ်ကမ်းတစ်လျှောက်တွင် ရေဝင်ရောက်လာ၍ မြဝတီမြို့ပေါ်တွင် လူဦးရေ အနည်းဆုံး ၅၀၀ ခန့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်း ရောက်ရှိလာသည်။
သောင်ရင်းမြစ်ရေသည် နောက် ၁ ရက်အတွင်း ၅ ပေခန့် ထပ်မံ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၂၁ ရက်တွင် ခန့်မှန်း ထုတ်ပြန်ထားသည်။
ထို့ပြင် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများ စီးဆင်းလာခြင်းကြောင့် လှိုင်းဘွဲမြစ်၊ ဟောင်သရောမြစ်၊ ဂျိုင်းမြစ်၊ ဇမိမြစ်ရေများ မြင့်တက်လာပြီး လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့တို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကာ ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များက ရွှေ့ပြောင်းကူညီပေးလျက် ရှိသည်။
လှိုင်းဘွဲမြို့တွင် လက်ရှိ၌ ရေတက် မြန်ဆန်နေသဖြင့် ရေဘေးအန္တရာယ်ရှိနိုင်သည့် နေရာများတွင် နေထိုင်သူများ အနေဖြင့် အထူးသတိပြုကြရန်နှင့် လိုအပ်သည့် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြရန် လှိုင်းဘွဲလူမှု ကယ်ဆယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။
ကော့ကရိတ်မြို့ပေါ်တွင်လည်း မိုးကြီးပြီး တောင်ကျရေ စီးဆင်းလာမှုကြောင့် ဩဂုတ်လ ၂၀ ရက်က အနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်လာကာ စာသင်ကျောင်း ၆ ကျောင်း ခေတ္တ ပိတ်ထားရကြောင်း ကော့ကရိတ် မြို့ခံတစ်ဦးက ပြောသည်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုပါ ထပ်မံကြုံတွေ့ရသဖြင့် စားရေးသောက်ရေး ပိုမို ခက်ခဲလာကြောင်း ရေဘေးသင့်သူများက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် ကရင်ပြည်၊ မွန်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။
ဓာတ်ပုံ - CJ







