ရွှေကူတွင် စစ်အုပ်စုတပ် ချောဆွဲခံရသည့် ကားသမားတစ်ဦး ရိက္ခာသယ်စဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရွှေကူတွင် စစ်အုပ်စုတပ် ချောဆွဲခံရသည့် ကားသမားတစ်ဦး ရိက္ခာသယ်စဉ် ပစ်ခတ်ခံရပြီး သေဆုံး
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)

ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ ချောဆွဲနေသောကြောင့် ချောဆွဲခံရသည့် ကားသမားတစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်မှစ၍ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ကချင်ပြည်နယ်၊ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် သင်္ဘောများကို လုံခြုံရေးယူပေးရန် ရွှေကူမြို့နယ်အတွင်း မြစ်ကြောင်းတစ်လျှောက် စစ်အုပ်စုတပ်က စစ်ရေးလှုပ်ရှားနေသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

စစ်အုပ်စုတပ်ဘက်က ယခုကဲ့သို့ စစ်ရေးလှုပ်ရှားနေသည်မှာ လအတော်ကြာမြင့်ပြီဖြစ်သော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်ဝန်းကျင်မှစ၍ မြို့တွင်းရှိ အရပ်သားများ၏ နေအိမ်များထဲအထိ ဝင်ရောက်ကာ ကားများနှင့် ကားသမားများကို ချောဆွဲသည့်အပြင် စစ်ကြောင်းနှင့် တိုးမိသည့် အရပ်သားများကိုပါ အဓမ္မ ချောဆွဲနေခြင်း ဖြစ်သည်။

ဩဂုတ် ၂၃ ရက်တွင် ချောဆွဲခံရသည့် ကားသမားတစ်ဦးသည် စစ်အုပ်စုတပ်အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်း များ သယ်ဆောင်ပေးနေစဉ် ပလောင်တောင်အကျော်၌ ပစ်ခတ်ခံရပြီး လက်နက်ထိမှန် သေဆုံးခဲ့ကြောင်း ရွှေကူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ချောဆွဲတာ အရမ်းများတယ်။ ဒီအမှတ် (၁) ထဲ မှာ လမ်းသွားလမ်းလာ အကုန်လုံးခေါ်ပြီး အထုတ်ဆွဲခိုင်း တာတွေ လုပ်နေတယ်။ ပြီးသွားရင် ကားတွေဆို လည်း အိမ်ထဲထိဝင်ဆွဲတယ်။ မောင်းတဲ့သူပါ တစ်ခါတည်း ခေါ်ပြီး မောင်းခိုင်းတယ်။ ပလောင်တောင် အကျော်မှာ ချောဆွဲသွားတဲ့ကား ပစ်ခံရပြီး ကားသမားသေသွား တယ်။ အဲဒီကားသမားကလည်း တပ်ထဲရောက် သွားပြီ။”

သေဆုံးသွားသည့် ကားသမား၏ ကိုယ်ရေးအချက်အလက်များကိုမူ မိသားစု၏ လုံခြုံရေးအရ ဖော်ပြရန် ခက်ခဲ နေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် လက်ရှိအချိန်အထိ ချောဆွဲခံရသည့် အရပ်သားများကို စစ်အုပ်စုတပ်က အထုပ်အပိုးများ သယ်ခိုင်းပြီး နောက် ပြန်လွှတ်ပေးသည်များလည်း ရှိနေသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်အုပ်စုတပ်သည် မြို့အတွင်းရှိ အရပ်သားများကို ချောဆွဲသည့်အပြင် မြစ်ကမ်းတစ်လျှောက်တွင် ရပ်နားထားသည့် ရွှေတူးဖော်ရေးလုပ်ငန်းသုံး ယာဉ်များနှင့် မော်တော်ယာဉ်များ ကိုလည်း အဓမ္မ ခေါ်ယူနေသည်ဟု သိရသည်။

ထိုသို့ ရွှေတူးဖော်ရေး မော်တော်ယာဉ်များကို ချောဆွဲရာတွင် တောကုန်းဘက်မှ မြို့ဧရိယာအတွင်းရှိ မြစ်ကမ်း၌ ရပ်နားထားသည့် ယာဉ်များကို အဓိက ခေါ်ယူနေခြင်း ဖြစ်သည်။

“မြစ်ကမ်းကပ်ထားတဲ့ဟာတွေဆို သူတို့အခပ်မသင့်ရင် ဆွဲခံရတာပဲ တကယ်ကိုမလွယ်ဘူး ရွှေမော်တော်ယာဉ် မောင်းတဲ့သူတွေလည်း ဆွဲခံရတယ်။ ခုလိုဖြစ်နေတာက ကျနော်တို့အတွက် သိပ်တော့မထူးဆန်းတော့ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်အုပ်စုတပ်ဖွဲ့များသည် ညပိုင်း စစ်ရေးလှုပ်ရှားချိန်၌ ၎င်းတို့ ဖြတ်သန်းသွားလာသည်ကို ကြည့်မိသူ များနှင့် ဓာတ်မီးဖြင့် ထိုးမိသည့် အရပ်သားအချို့ကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရွှေကူမြို့ခံများက ဆိုသည်။

အထက်ပါ ရွှေကူမြို့ခံ အမျိုးသားက “သူတို့လမ်းမှာ ဖြတ်သွားတဲ့အချိန် ကြည့်မိတာ၊ ညဆိုရင် သူတို့ဖြတ်တဲ့ချိန် ဓာတ်မီးနဲ့ ထိုးမိတာဆို တစ်ခါတည်း ဖမ်းခေါ်သွားတာလည်းရှိတယ်။ မဖမ်းရင်တေင် လက်သီးနဲ့ထိုးတာ၊ ရိုက်ခဲ့ တာတွေလည်း ခဏ ခဏပဲ” ဟု ပြောသည်။

ယခု စစ်ရေးလှုပ်ရှားမှုများသည် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ် သင်္ဘောအုပ်စု လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုတွင် တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီး ပါဝင်ကာ စုစုပေါင်း ၁၅ စီးခန့် ရှိသည်။

အဆိုပါ သင်္ဘောများ ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်နိုင်ရန် စစ်အုပ်စုတပ်က မြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားနေသကဲ့သို့ KIA ပူးပေါင်းတပ်များဘက်ကလည်း တားဆီးတိုက်ခိုက်နေသဖြင့် ရွှေကူမြို့နယ် အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

အဓိကအားဖြင့် ရွှေကူမြို့နှင့် မြစ်တစ်ဖက်ကမ်းရှိ ကျွန်းတော်ကျေးရွာအနီးအပြင် ဒုတိယမြစ်ကျဉ်းဘက်တွင် လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်ဘက်မှ အထိနာနေသည့်အပြင် စစ်သုံ့ပန်းအချို့ကိုလည်း KIA ပူးပေါင်းတပ်က ဖမ်းဆီးရမိထားသည်။

ရွှေကူမြို့အတွင်း စစ်အုပ်စုတပ်၏ စစ်ရေးပြင်ဆင်မှုများသည် ၃ လကျော်ကြာ မြင့်ခဲ့ပြီဖြစ်ပြီး ဗန်းမော်ဘက်သို့ မြစ်ကြောင်းအသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာ ပို့ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရွှေကူမှာ သူတို့ပြင်ဆင်နေတာ ၃ လလောက်ရှိပြီ။ သင်္ဘောတက်ဖို့ အစောကတည်းက သူတို့မှာ Plan (အစီ အစဉ်) ရှိပြီးသား။ အဓိကတော့ ဗန်းမော်ကို ပြန်ယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး ရက် ၁၀၀ စီမံချက်ကိုလည်း ချမှတ်ခဲ့သည်။

သို့သော် အဆိုပါ ကာလအတွင်း၌ပင် ရွှေကူနှင့် ဗန်းမော်ဘက်သို့ စစ်ရေးအင်အား ဖြည့်တင်းလာသကဲ့သို့ ဧရာဝတီမြစ်ကြောင်းမှ သင်္ဘောများ ဆန်တက်နိုင်ရေးအတွက် မြစ်ကမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းမှာ ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ရွှေကူမြို့သည် ဧရာဝတီမြစ်ကြောင်းပေါ်တွင် တည်ရှိပြီး ဗန်းမော်မြို့နှင့် မြစ်ကြောင်းအရ ဆက်သွယ်ထားသဖြင့် ဗန်းမော်ဘက် စစ်ရေးလှုပ်ရှားမှုများအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်သည်။ မန္တလေးမှတစ်ဆင့် ဗန်းမော် ဘက်သို့ သင်္ဘောများ ဆန်တက်ရာတွင် ရွှေကူနယ်မြေကို ဖြတ်သန်းရသဖြင့် မြစ်ကြောင်း ထိန်းချုပ်ရေးနှင့် စစ်ရေးလုံခြုံရေးအတွက် အဓိက အရေးပါလျက်ရှိသည်။

လက်ရှိ ရွှေကူမြို့နယ်အတွင်း မြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာသည်နှင့်အမျှ မြစ် ကမ်းဘေးရှိ ရွှေတူးဖော်ရေး လုပ်ငန်းသုံး ယာဉ်များ၊ မြို့တွင်းရှိ မော်တော်ယာဉ်များနှင့် ကားသမားများ၊ စစ်ကြောင်းနှင့် တိုးမိသည့် အရပ်သားများပါ ချောဆွဲခံနေရသဖြင့် လုံခြုံရေး စိုးရိမ်နေကြသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...