မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား ထောင်ပေါင်းများ စွာ ပိတ်မိနေသည့်အတွက် ခရီးသည်များနှင့် ယာဉ်မောင်းများ အစားအသောက်၊ သောက်သုံးရေနှင့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ရွာသွန်းခဲ့သည့် မိုးကြောင့် အင်းတော်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရပြီး အင်းတော်–မော်လူး လမ်းပိုင်းအချို့ ပျက်စီးခဲ့ရသည်။
ထို့ကြောင့် လမ်းပိုင်း ပြန်လည်ပြုပြင်ရန် လိုအပ်သဖြင့် လမ်းပြုပြင်ထိန်းသိမ်းရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဩဂုတ် ၁၉ ရက်မှစ၍ ဗျူဟာလမ်းနှင့် ကွင်းလမ်းပိုင်းများကို အကန့်အသတ်မရှိ ပိတ်ထားမည်ဟု အသိပေး ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နောက်ပိုင်း လက်ရှိအချိန်အထိ အင်းတော်ကွင်းလမ်းဖြစ်သည့် နံ့သာရွာ–မော်တိတ်ရွာ–ရွာသာယာရွာကြား၌ ထောင်နှင့်ချီသည့် ယာဉ်များ ပိတ်မိနေခြင်းဖြစ်သည်။ ယခုကဲ့သို့ လမ်းပိုင်း ပိတ်မိနေသဖြင့် ခရီးသည်အချို့မှာ ယာဉ်ပေါ်တွင် ရက်ပေါင်းများစွာ နေထိုင်နေရပြီး စားသောက်ဖွယ်ရာနှင့် သောက်သုံးရေ ဝယ်ယူရန် ခက်ခဲမှုများ ကြုံတွေ့နေရသည်။
“ကားပေါ်မှာ ရက်နဲ့ချီ နေနေရတော့ စားဖို့သောက်ဖို့က အခက်အခဲရှိလာတယ်။ ရေကလည်း အမြဲဝယ်လို့မရ ဘူး။ အိမ်သာသွားတာကအစ အဆင်မပြေဘူး။ ခရီးသည်တွေထဲမှာလည်း နေမကောင်းဖြစ်လာတဲ့သူတွေ ရှိတယ်။ လမ်းက ဘယ်တော့ပြန်ပွင့်မလဲ မသိတော့ ပိုပြီးစိုးရိမ်ရတယ်” ဟု လမ်းတွင် ပိတ်မိနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
လမ်းပိတ်ဆို့မှု ကြာမြင့်လာသည်နှင့်အမျှ လမ်းဘေးတွင် ဝယ်ယူစားသောက်နိုင်သည့် အစားအသောက်များပါ လုံလောက်မှု မရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။
လမ်းပိတ်မိနေသည့် ခရီးသည်တစ်ဦးကလည်း ရက်ပေါင်းများစွာ ယာဉ်ပေါ်တွင် နေထိုင်ရသဖြင့် နေ့စဉ် စားသောက်ရေးနှင့် အိပ်စက်အနားယူရေးတို့တွင် အခက်အခဲများရှိကြောင်း ပြောသည်။
“ခရီးက ဒီလောက်ကြာမယ်လို့ မထင်ထားဘူး။ အခုတော့ ကားပေါ်မှာပဲ နေနေရတာ ရက်တော်တော်ကြာပြီ။ စားစရာဝယ်ဖို့လည်း မလွယ်ဘူး၊ ရေကလည်း အမြဲမရဘူး။ အိမ်သာသွားဖို့လည်း အဆင်မပြေဘူး။ ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါလာတော့ သူတို့အတွက် ပိုစိုးရိမ်ရတယ်” ဟု ပြောသည်။
မန္တလေး - မြစ်ကြီးနားလမ်းသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်ကို ဆက်သွယ်ပေးထားသည့် အဓိက ကုန်သွယ် ရေးနှင့် ခရီးသွားလာရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး မကြာခဏဆိုသလို လမ်းပိုင်းပိတ်ဆို့မှုများ ကြုံတွေ့နေရ သည့် လမ်းကြောင်းဖြစ်သည်။
ယခုကဲ့သို့ အင်းတော်မြို့နယ်အတွင်း လမ်း ပျက်စီးမှုနှင့် လုံခြုံရေး အခြေအနေများကြောင့် လမ်းကြောင်းအချို့ ကို ပိတ်ထားရခြင်းဖြစ်ပြီး အစားထိုးလမ်းကြောင်းများ အသုံးပြုရန်လည်း ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် နံ့သာရွာ၊ မော်တိတ်ရွာနှင့် ရွာသာယာရွာကြား အတက်အဆင်း ယာဉ်ထောင်ချီ ပိတ်မိနေသည့်အပြင် အင်းတော်ကွင်းလမ်းအပြင် ကသာ - ထီးချိုင့် ကားလမ်းပိုင်းနှင့် စီပိန်းရွာ အဝင်အထွက်ကိုလည်း ပိတ်ထားဆဲ ဖြစ်သည်။
ထို့ပြင် ကသာ - ထီးချိုင့် လမ်းကြောင်း၌ အရေးပါသည့် ဇက်ဆိပ်အချို့ကိုလည်း ယခုရက်ပိုင်းအတွင်း ပိတ်ထား သဖြင့် ခရီးသွားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုခက်ခဲလာနေသည်။
လမ်းပိတ်ဆို့မှု ဆက်လက်ကြာမြင့်ပါက ခရီးသည်များ၏ ကျန်းမာရေးနှင့် နေထိုင်ရေးအခြေအနေ ပိုမိုဆိုးရွားလာ နိုင်သည့်အတွက် ပိတ်မိနေသူများအတွက် စားသောက်ရေနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ် လိုအပ် လျက်ရှိသည်။
မန္တလေး - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်အုပ်စုတပ်က မေလ ၆ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကြေ ညာခဲ့ပြီး မေလ ၉ ရက်မှစ၍ ခရီးသည်တင်ယာဉ်အချို့ ဖြတ်သန်းနိုင်ခဲ့သည်။
သို့သော်လည်း လမ်းကြောင်းတစ်လျှောက် စစ်ရေးအခြေအနေကြောင့် အခြေအနေအလိုက် ကွင်းလမ်းများကို ပြောင်းလဲ အသုံးပြုနေရမှုများ ရှိခဲ့ပြီး လက်ရှိတွင်လည်း အင်းတော်ကွင်းလမ်းကို အဓိက အသုံးပြုနေရသည့် အခြေအနေ ဖြစ်သည်။
ဓာတ်ပုံ - (အင်းတော်လမ်းပိုင်း ပျက်စီးမှုကြောင့် ကားများ ပိတ်မိနေသည့် မြင်ကွင်း - ပုံဟောင်း / Crd)







