မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ် ၏ စစ်သင်္ဘောအုပ်စုသည် ယနေ့ မနက်ပိုင်းတွင် ရွှေကူမြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဗန်းမော်မြို့ကို ဦးတည်သည့် ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုများ တစ်ပြိုင်တည်း ပြုလုပ်လျက်ရှိသည်။
“အခုလောလောဆယ်တော့ သင်္ဘောတွေ အကုန်လုံး ရောက်လာပြီ။ အခုမှဝင်လာတာ ကျန်တဲ့ဟာတွေက” ဟု ရွှေကူမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ သင်္ဘောအုပ်စုသည် ဩဂုတ်လ ၂၁ ရက် မနက်ပိုင်းက မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာ ခြင်းဖြစ်ပြီး တိုက်ခိုက်ရေးသင်္ဘော ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီးအပါအဝင် စုစုပေါင်း ရေယာဉ် ၁၅ စီးခန့် ပါဝင် သည်။
သင်္ဘောအုပ်စုသည် သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်းကာ ဩဂုတ်လ ၂၅ ရက် တွင် ကသာမြို့သို့ ရောက်ရှိခဲ့ပြီး ၂၆ ရက်နေ့အထိ ရပ်နားခဲ့ပြီးနောက် ဩဂုတ်လ ၂၇ ရက်တွင် ရွှေကူဘက်သို့ ပြန်လည်ဆန်တက်လာခဲ့ခြင်းဖြစ်သည်။
ကသာမှ ရွှေကူဘက်သို့ ဆန်တက်စဉ် ဧရာဝတီမြစ်ရေ ကျဆင်းနေသဖြင့် မင်းလဲကျေးရွာ အထက် ဝဲကြီး ကျေးရွာအနီး၌ သောင်တင်မှုများ ကြုံတွေ့ခဲ့ရသည်။
ရွှေကူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်က “ရွှေကူကိုတော့ ကျွန်းတော်နားလေးမှာ ညအိပ်ပြီးတော့ ရွှေကူကို ဒီမနက်ဝင်သွားတယ်။ ဘိုကုန်းရွာနားမှာ သောင်တင်နေတဲ့ သင်္ဘောကတော့ ဒီမနက် အထက်ကို ဆက်ဆန်သွား တယ်။ မနေ့ကတော့ သာယာကုန်းနားမှာ နှစ်စီး မီးလောင်သွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရ သေးဘူး” ဟု ဆက် ပြောသည်။
စစ်သင်္ဘောအုပ်စု ဆန်တက်လာသည့် ရက်ပိုင်းအတွင်း ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးရှိ ကျေးရွာများ၌ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဩဂုတ်လ ၂၅ ရက် ညပိုင်းက ကျွန်းတော်ကျေးရွာဘက်သို့ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်သည် လွန်ခဲ့သည့် တစ်လကျော်ကတည်းက မဘိမ်းဘက်မှ ရွှေကူ - ဗန်းမော် လမ်းကြောင်းအတိုင်း မြေပြင်စစ်ကြောင်းများ ထိုးလျက်ရှိသည်။
မဘိမ်း - ငအိုးဘက်မှ ရွှေကူမြို့အထိနှင့် ရွှေကူမြို့မှ ပလောင်တောင်ဘက်သို့ ဆက်သွယ်သည့် လမ်းကြောင်း တစ်လျှောက်တွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ရှိနေသည်။
ကသာဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်မျက်နှာကတော့ ငအိုးဘက်ကနေ တက်လာတဲ့ လမ်း ကြောင်းတစ်လျှောက်နဲ့ ရွှေကူမြို့ကို ဟိုဘက်ကနေ ပြန်ထွက်တဲ့ ပလောင်တောင်ဘက်ကြောပေါ့နော်။ ဗန်းမော် ကို ဦးတည်တဲ့ လမ်းကြောင်းပါပဲ။ အဲ့ဒီမှာတွေတော့ တောက်လျှောက် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်တွေလည်း အဆက်မပြတ်ကြဲနေတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ကုန်းကြောင်းမှ စစ်ကြောင်းထိုးခြင်း၊ ရေကြောင်းမှ စစ်သင်္ဘောအုပ်စု ဆန်တက်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းမှာ ဗန်းမော်ဘက်သို့ ဦးတည်သည့် ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှု ဖြစ်သည် ဟု သုံးသပ်မှုများ ရှိနေသည်။
ဗန်းမော်ဘက်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ပုံစံက ကြည်းရေလေ စစ်ကြောင်းပုံစံမျိုး ဖြစ်သွား လောက်တယ်။ သင်္ဘောကတော့ မတက်စရာအကြောင်းမရှိဘူး။ ဖြည်းဖြည်းချင်း ကာဗာယူပြီးတော့ တက်လာ နိုင်တဲ့ အနေအထားဗျ။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် စစ်ကြောင်းက ကသာဘက်က တစ်ခု ဖြစ်လိမ့်မယ်၊ မဘိမ်း ကတစ်ခု၊ ရွှေကူကတစ်ခုရယ်။ ဒီသုံးခုပေါင်းသွားရင် သူတို့အတွက် အခြေအနေ ပိုကောင်းတာပေါ့။ ဒီ supplies တွေအကုန်လုံးသာ ဗန်းမော်ကို ရောက်သွားလို့ရှိရင် သူတို့အတွက်ကတော့ လုံးဝသာသွားပြီဆိုတဲ့ အနေအထားကို ရောက်သွားပြီလို့ ပြောလို့ရတယ်” ဟု သုံးသပ် ပြောဆိုသည်။
လက်ရှိတွင် စစ်သင်္ဘောအုပ်စု၏ အများစုသည် ရွှေကူမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ဗန်းမော်ဘက်သို့ ဆက်လက် ဆန်တက်မည့် အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။







