ကသာ ကျောက်ထုံးကြီးကျေးရွာအဝင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၍ အထိနာခဲ့

ကသာ ကျောက်ထုံးကြီးကျေးရွာအဝင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၍ အထိနာခဲ့
ကသာနယ်အတွင်း KIA နှင့် PDF အဖွဲ့ စစ်ရေးလှုပ်ရှားနေပုံ
ကသာနယ်အတွင်း KIA နှင့် PDF အဖွဲ့ စစ်ရေးလှုပ်ရှားနေပုံ

ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအဝင်တွင် ခြေကျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသွားကြောင်း သိရသည်။

ဗန်းမော်-ကသာ-မန္တလေးဘက်သို့ ဆင်းလာသည့် စစ်ကောင်စီသင်္ဘော ၆ စင်းကို မြစ်ကြောင်း လုံခြုံရေးပေးရန်အတွက် ဝေဆွယ်ရွာမှ ထွက်လာပြီး ကျောက်ထုံးကြီးကျေးရွာသို့ဝင်ရောက်ရန်တက်လာစဥ် ကျောက်ထုံးကြီး အဝင်တွင် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲချိန်တွင် ထောင်မိုင်လေးလုံးဆွဲ၍ တိုက်ခိုက်ခဲ့ရာ အထိနာသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

''ဗန်းမော်ကနေ ဆင်းလာတဲ့သင်္ဘောက ကသာရောက်သွားပြီ။ အဲ့တာဒီနေ့မနက်မှာ ကသာကနေ ဆုန်မယ့်ဟာကို လုံခြုံရေးပေးဖို့ စစ်ကုန်းမှာ အထိုင်ချနေတဲ့ကောင်တွေက စစ်ကုန်း ဝေဆွယ်ကနေ ကျောက်ထုံးကြီးဘက်ကို ရှေ့ပွိုင့်အနေနဲ့ လွတ်လိုက်တဲ့အဖွဲ့ကို ကျောက်ထုံးကြီးတိုက်နယ်က ပကဖတွေက စောင့်နေလိုက်တာ။ မိုင်းကွင်းထဲရောက်တော့ မိုင်းလေးလုံးဆွဲ ပြီးပြန်ဆုတ်ခဲ့တာ။ အထိအခိုက်ကတော့ သေချာပေါက်ရှိတယ်။ မိုင်းကွင်းထဲမှာ ထိထိမိမိ ဆွဲလိုက်တာဆိုတော့'' ဟု ကသာမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် အင်အား ၃၀ ကျော်ခန့်သာပါဝင်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု မခံရမှီ သေနတ်များ ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်လာသော်လည်း မိုင်းဆွဲခံရသည့်နောက်တွင် သေနတ်သံများ သိသိသာသာလျော့နည်းသွားသဖြင့် ထိခိုက်မှုရှိနိုင်ကြောင်း ကသာ PDF က သုံးသပ်ပြောဆိုထားသည်။

''သူတို့ကျောက်ထုံးကြီးကိုရုတ်တရက်တော့ မဝင်နိုင်သေးဘူး။ စစ်ကုန်းမှာကျန်ထားတဲ့အဖွဲ့တွေ ဆက်လိုက်လာပြီးမှပဲ ကျောက်ထုံးကြီး ဘုရားကုန်းဘက်ကို ဝင်သွားပြီလို့သတင်းရတယ်။ ခုထိတော့ ရွာထဲမှာတပ်စွဲထားတုန်း'' ဟု ပြောသည်။

ကျောက်ထုံးကြီးကျေးရွာနေပြည်သူများလည်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာနေသည့် သတင်းကြောင့်ယနေ့ နံနက်ပိုင်းကတည်းက ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်းသိရသည်။

ယခုမိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် သြဂုတ် လဆန်းပိုင်းက မန္တလေးမှ ဗန်းမော်သို့တက်သွားသည့် စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများအပြည့်တင်ဆောင်သွားသည့် စစ်သင်္ဘော ၆ စင်း အပြန်ခရီးကို မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးပေးရန် ချီတက်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကျောက်ထုံးကြီးကျေးရွာသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတွင်တည်ရှိကာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ကသာမြို့ နှင့် ဧရာဝတီမြစ်သာ ခြားထားကြောင်းသိရသည်။

April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...
April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...