ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ရွှေကူ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှိုသဖြင့် ဒေသခံများ ထွက်ပြေးတိမ်း‌ရှောင်နေရ

ရွှေကူမြို့နယ် သာယာကုန်း ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်သည် ယနေ့ နံနက်မှစတင်ကာ မီးရှို့နေပြီဟု ဒေသခံများထံမှ သိရသည်။

စစ်အင်အား ၈၀ ကျော်ပါရှိသည့် တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ စစ်ကြောင်းသည် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာသို့ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်မှ ဝင်ရောက်လာပြီး လူနေအိမ်များကို ဝင်ရောက်မီးရှို့ ဖျက်ဆီးနေသည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

''စရှို့တာက သာယာကုန်းစာသင်ကျောင်းကနေ စပြီးရှို့သွားတာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဘာလို့ရှို့တာလဲဆိုတော့ဒီရွာမှာ PDF တွေရှိတယ်။ PDF အိမ်တွေရှိတယ်ဆိုပြီးလာရှို့တာတဲ့'' ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာမီးရှို့နေသော အဆိုပါစစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့က သာယာကုန်းကျေးရွာ နှင့် မင်းကျောင်းကုန်း ကျေးရွာကြားတွင် သင်္ဘောလုံခြုံရေးယူပေးနေစဉ် မြို့လှ PDF ၏ တိုက်ခိုက်မှုကို ခံရသဖြင့် အထိနာခဲ့ပြီးနောက် သာယာကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာပြီး မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူများသည် ယနေ့ နံနက်အစောပိုင်းတွင် ကျောက်ကြီးရွာနှင့် အခြားအနီးဝန်းကျင်ရွာများ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦး က KNG ကို ယခုလို ပြောသည်။

''သူတို့ဝင်လာမယ်ကြားလို့ မနက်စောကြီးကတည်းက ထွက်ပြေးနေကြပြီရွာသားတွေက။ အိမ်တွေ ဘယ်လောက်ပါသွားလောက်မလဲတော့မသိဘူး။ မီးခိုးတွေတော့အလုံးလိုက်မြင်နေရတယ်။ ခုထိပြန်ကပ်မရသေးတော့ ခုချိန်ထိပျက်စီးမှုမသိရသေးဘူး'' ပြောသည်။

လက်ရှိအချိန်ထိ ပြည်သူထိခိုက်သေဆုံးမှု၊ နေအိမ်မီးရှို့ခဲ့သည့်အရေအတွက်စသည့် မြေပြင်အခြေအနေများကို KNG သတင်းဌာနမှ စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

သာယာကုန်းရွာသည် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ရွှေကူမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဧရာဝတီမြစ်ကမ်းနှင့်နီးသော ကျေးရွာတစ်ခုဖြစ်သည်။

July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...