စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို

စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို
ကသာနယ်တွင် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ပို့ သင်္ဘော - ပုံဟောင်းအသုံးပြုထားသည်။
ကသာနယ်တွင် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ပို့ သင်္ဘော - ပုံဟောင်းအသုံးပြုထားသည်။

ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ်၏ သင်္ဘောလုံခြုံရေးယူပေးရန် မြစ်ကမ်းတစ်လျှောက် ခြေကျင်ဖြင့်သွားလာနေသောစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ‌ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

စက်တင်ဘာလ ၅ ရက် ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများသည် ရိက္ခာတင် သင်္ဘောကို လုံခြုံရေးယူပေးရန် ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေစဉ် မိုးတားလေးရွာနှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု PDF နှင့် နီးစပ်သော ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။

" သူတို့ဘက်က သုံးယောက်ကျသွားတာ ဟုတ်တယ်။ ဖြစ်ပွားတဲ့နေရာမှာ သွေးစတွေပါ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တွဲခေါ်သွားကြတယ်" ဟု ဆိုသည်။

ထိုသို့ မိုင်းခွဲခံရပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အချိန်အတန်ကြာ ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင်သင်္ဘောသည် သြဂုတ်လ ၈ ရက်နေ့ မန္တလေးဘက်မှ ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင်ထားသည့် သင်္ဘော ၆ စီးဖြစ်ပြီး  မြစ်ကြောင်းတစ်လျှောက် ၎င်းတို့တပ်ရှိရာနေရာများတွင် ရိက္ခာများ နှင့် စစ်အင်အားများ ပို့ဆောင်ပေးနေသည်ဟု သိရသည်။

"အဲသင်္ဘော ၆ စီးက ဗန်းမော်ထိ ရောက်တယ် မြစ်ကြောင်းတစ်လျှောက် ရိက္ခာချလာတယ်။ ခုက ပြန်စုန်လာတာဟုတ်တယ်" ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့ မန္တလေးမှ စစ်အင်အား၊ ရိက္ခာအပြည့်နှင့် ဆန်တက်လာသည့် အဆိုပါ စစ်ကောင်စီတပ်၏ သင်္ဘော ၆ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF များမှ မြစ်ကြောင်းတစ်လျှောက်တွင် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့ ကသာမြို့အဝင် တိုက်ပွဲတွင် ထိခိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...