ကချင် စစ်ကိုင်း အစပ် KIA စခန်း ၂ နေရာကို စစ်ကောင်စီ မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ကချင် စစ်ကိုင်း အစပ် KIA စခန်း ၂ နေရာကို စစ်ကောင်စီ မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီး
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီး

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ် ၂ နေရာတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် ဂျက်လေယာဉ် ၂စီး ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသော နေရာများမှာ ကသာ မိုးတားအနီး တဝိုက်နှင့် မိုးညှင်းခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေတွင်ဖြစ်ပြီး Yak 130 အမျိုးအစား ဂျက်တိုက်လေယာဉ် ၂စီးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ဟု KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက KNG ကို ပြောသည်။

“မနေ့ည လာပစ်တာက ၂ နေရာမှာ ဟုတ်တယ်။ တစ်နေရာမှာ ၂စီးစီနဲ့ လာပစ်တယ်။ မိုးတားဘက်လာပစ်တယ်။ နောက် တပ်မဟာ ၈ လာပစ်သွားတယ်။ သူတို့လာပစ်တဲ့ အချိန်ကလည်း သိပ်မကွာကြဘူး။ အဓိကတော့ KIA နှင့် PDF ရှိတယ်လို့ ထင်တဲ့ နေရာတွေမှာ လိုက်ပစ်ပုံရတယ်။ ထိခိုက်မှုက မရှိဘူးလို့ပြောတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဂျက်လေယာဉ် ၄ စီးသည် ည ၁၀ နာရီခန့် မန္တလေးတိုင်း တံတားဦးမှ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း မြစ်ကြီးနား-မန္တလေး လမ်းပေါ် နဘားအထွက်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နံနက် ၁၁ နာရီဝန်းကျင်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

နဘားတွင် ဖြစ်ပွားနေသော တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပါ။

ယခုရက်ပိုင်း စစ်ကိုင်းဒေသ ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းမှုများရှိနေပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ကို KIA နှင့် PDF အဖွဲ့တို့ သွားရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...