KNLA ပူးပေါင်းစစ်ကြောင်း ရဲဘော်များအကြား ငှက်ဖျားရောဂါအဖြစ်များနေ

KNLA ပူးပေါင်းစစ်ကြောင်း ရဲဘော်များအကြား ငှက်ဖျားရောဂါအဖြစ်များနေ

စစ်ကောင်စီတပ်များနှင့် စစ်ရေးတင်းမာနေသည့် မြဝတီတောင်ဘက်အခြမ်းဒေသ နှင့် ကော့ကရိတ် တောင်ပိုင်းဒေသဘက်တွင် စစ်ရေးလှုပ်ရှားနေကြသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း စစ်ကြောင်းများမှ စစ်သည်ရဲဘော်များအကြား ယခုတလော ငှက်ဖျားရောဂါ အဖြစ်များလျက်ရှိသည်ဟု သိရှိရသည်။

မြဝတီတောင်ဘက်ရှိ လေးကေကော်၊ သေ့ဘောဘိုး၊ ဝေါလေဘက်အခြမ်းနှင့် ကော့ကရိတ် တောင်ပိုင်းဒေသ ၊ တောင်ကြာအင်းဒေသ ကျေးရွာများဘက် စစ်ရေးလှုပ်ရှားနေကြသည့် KNLA ပူးပေါင်း စစ်ကြောင်းများမှ စစ်သည်ရဲဘော်များငှက်ဖျားရောဂါ ခံစားနေရမှုမှာ စစ်ကြောင်းတိုင်းတွင် ကြုံတွေ့နေရသည်ဟု ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူများက ပြောသည်။

ထိုပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ” ငှက်ဖျား ဖြစ်ကြတာ တပ်စုတပ်ခွဲတိုင်းမှာ ရှိနေတယ်၊ အခုက မိုးရွာထဲကင်းစောင့်တာနဲ့ စစ်ကြောင်းပတ်သွားနေကြတာ နေ့ရော၊ ညပါဆိုတော့ မိုးမိ၊ အအေးမိဖျားနာတာတွေ ရှိတယ်၊ ဆေးခန်းနဲ့ ဆေးမှူးရှိပေမယ့်လည်း အချိန်မတော်၊ နေရာမတော်မှာ ငှက်ဖျားထရင် စခန်းပြန်ခေါ်ပြီး စောင့်ရှောက်ရတဲ့ အခြေအနေကတော့ အခက်အခဲတော့ ရှိတာပေါ့၊”ဟု ပြောသည်။

လက်ရှိတွင် ငှက်ဖျားဆေးဖြန့်ဝေခြင်းများအား ဆေးဝါးအကူအညီ ပေးနေသူများ ၊ အဖွဲ့အစည်းများ အထောက် အပံ့ဖြင့် KNLA ပူးပေါင်းအဖွဲ့ စစ်ကြောင်းနေရာ အသီးသီးသို့ ဖြန့်ဝေပေးနေသော်လည်း ငှက်ဖျားကုသဆေးဝါးနှင့် အဟာရဖြစ်အစားအသောက်များ လိုအပ်ချက်များရှိနေကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့အား ဆေးဝါး အထောက်အပံ့ပေးနေသူများက ပြောသည်။

“တောင်ပေါ်လမ်းတွေ မြေပြိုတာလမ်းပျက်တာတွေကြောင့် အရင်လို ဆေးဝါးနဲ့ စားစရာ ရိက္ခာပို့ရတာ ကားနဲ့ သွားမရတော့ဘူး၊ လူနဲ့ပဲသယ်ရတယ်၊ ဆေးဝါးနဲ့ ရိက္ခာကတော့ မလုံလောက်ဘူး၊ နေရာစုံက ကိုယ့်အဖွဲ့ တွေကို ငှက်ဖျားရောဂါ အသိပညာပေးတာနဲ့ ဆေးတွေ မျှဝေရတာနဲ့ဆိုတော့ ရောက်လာလိုက် ပြန်ဖြန့် လိုက်နဲ့တော့ အဆင်ပြေအောင် ဖြန့်ဝေပေးနေရတယ်”ဟု ဆေးဝါးအထောက်အပံ့ပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ငှက်ဖျားရောဂါခံစားနေရသည့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များအား ဆေးဝါးကုသမှု၊ ဆေးဝါးထောက်ပံ့စီမံမှု၊ ငှက်ဖျားရောဂါ အသိပညာပေးမှုတို့အား ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)၊ ဒေသတွင်း CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူ) ခိုလှုံနေကြသည့် ကျန်းမာရေး၀န်ထမ်းများနှင့် KNLA ဆေးတပ်ဖွဲ့တို့က ကုသစောင့်ရှောက်ပေးနေသည်ဟု သိရှိရသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...