ဖမ်းဆီးရမိသည့် စိတ်ကြွဆေး(၉)သန်းကျော်ကို ကေအဲန်ယူ မီးရှို့ဖျက်ဆီး

ဖမ်းဆီးရမိသည့် စိတ်ကြွဆေး(၉)သန်းကျော်ကို ကေအဲန်ယူ မီးရှို့ဖျက်ဆီး
Photo: KIC
Photo: KIC

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း‌ဆီးရမိခဲ့သည့် စိတ်ကြွမူးယစ်ဆေးအရေအတွက် (၉)သန်းကျော်ကို မေလ(၇)ရက်နေ့တွင် ‌မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မူတြော်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF၊ ကေအဲန်ယူ နယ်စပ်ရေးရာကော်မတီနှင့် တာဝန်ရှိသူများ  ဦးဆောင်ပြီး တပ်မဟာ(၅)နယ်မြေတစ်နေရာတွင် ပြုလုပ်သော မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးသည့် အခမ်းအနားအား မေလ(၇)ရက်၊ မနက်ပိုင်းက ပြုလုပ်သွားခြင်းဖြစ်သည်။

“မူးယစ်ဆေးတွေကပြည်သူ‌လူထုကို ဆုတ်ယုတ်စေလို့ ကျနော်တို့မသုံးဖို့တရားဝင်တားမြစ်ထားတယ်။ ဒီတော့ နယ်စပ်လမ်းကြောင်းကနေ မူးယစ်ဆေးတွေဝင်လာတယ်လို့ကြားတာနဲ့ ကျနော်တို့သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်” ဟု မူတြော်ခရိုင် နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဗိုလ်ကြီး စောဘူဂေထူးက အခမ်းအနားတွင်ပြောသည်။

ကေအဲန်ယူက ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမှုးယစ်‌ဆေးများတွင် အထုပ်ကြီး ၉၉၃ ထုပ်၊ အတောင့်ရှည် ၄,၉၉၅ တောင့်၊ အထုပ်ငယ် ၄၀,၀၀၀ ကျော်နှင့် ဆေးလုံး‌များအပါအဝင် စုစုပေါင်း ၉ သန်းကျော် ပါဝင်သည်။

ထို့အပြင် စိတ်ကြွမူးယစ်ဆေးသယ်ဆောင်လာသူ(၃)‌ဦးကိုလည်း နယ်စပ်ရေးရာကော်မတီမှ မူတြော်ခရိုင် KNPF ထံလွှဲပြောင်းအပ်နှံပြီး အရေးယူထားကြောင်း တာဝန်ရှိသူထံမှ သိရသည်။ 

ကေအဲန်ယူနယ်မြေအတွင်း မူးယစ်ဆေးအမှုအခင်းနှင့်ပတ်သက်၍ စိုက်ပျိုး၊ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချ၊ သုံးစွဲသော အမှုအမျိုးအစားများအဖြစ် ကော်သူးလေရာဇဝတ်မှုဥပဒေအောက်တွင် ပြဋ္ဌာန်းထားခြင်းရှိသည်။

မူးယစ်ဆေးသုံးစွဲမှုအတွက်ကိုလည်း သုံးသည့်အရေအတွက်ပေါ်မူတည်ပြီး အသိပညာပေးခြင်းမှ နှစ်ရှည်ထောင်ဒဏ်‌အထိ အရေးယူလေ့ရှိသည်ဟု ကေအဲန်ယူတရားရေးဘက်က ပြောဆိုဖူးသည်။ 

ပွဲတက်ရောက်လာသူ မူတြော်ခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ နော်ပြုံးပြုံးက “အခုဖမ်းမိတာနည်းတာမဟုတ်ဘူး။ အခုလိုသာဖမ်းဆီးပြီးမီးရှို့ဖျက်ဆီးတာမျိုးမရှိဘူးဆိုရင် ကျမတို့လူထုအတွက် အများကြီးဒုက္ခရောက်မှာ။ မူးယစ်ဆေးအများကြီးသုံးမိရင် သုံးတဲ့သူ့မိသားစုမှာ ငွေကုန်ကြေးကျများတဲ့အပြင် အချိန်ကုန်ပြီး အလုပ်လည်းပျက်တယ်။ သူ့ရဲ့မိဘ သားသမီးတွေကိုလည်း ဒုက္ခရောက်စေတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်လည်း နှောင့်နှေးစေတယ်” ဟု ကေအိုင်စီကို ပြောသည်။

ကေအဲန်ယူအနေဖြင့်လည်း နယ်မြေအတွင်းမူးယစ်ဆေးအမှုနှင့်ပတ်သက်၍ တိုက်ဖျက်နှိမ်နင်းနေသလို အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြော‌ဆိုထားသည်။

အခမ်းအနားတွင် အစီအစဥ်အရ တာဝန်ရှိသူများက မူးယစ်ဆေးနှင့်ပတ်သက်၍ရှင်းလင်းပြောဆိုပြီးနောက် အများပြည်သူသိမြင်ရန် မူးယစ်ဆေးအထုပ်အပိုးများကို ဖောက်ထုတ်ခင်းကျင်းပြသပြီးမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ပွဲကျင်းပရာသို့ မူတြော်ခရိုင် KNPF ရဲမှူးကြီး စောနေမူးအပါအဝင် ခရိုင်အတွင်းရေးမှူး ပဒိုစောကလိုထူး၊ KNPF ဗဟို ဒုရဲချုပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO စစ်ရေးချုပ်နှင့် အခြားတာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ၊ ထိုင်းအာဏာပိုင်များ၊ ဒေသခံအချို့ စုပေါင်း၍ ပရိသတ်(၅၀)ဝန်းကျင် တက်ရောက်ခဲ့ကြောင်းလည်း ပွဲအခမ်းအနားတွင် တွေ့ရှိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...