နေရပ်မပြန်နိုင်သေးသည့် သံတောင်ကြီး စစ်ဘေးရှောင်(၁)ထောင်ကျော် အကူအညီလိုအပ်

နေရပ်မပြန်နိုင်သေးသည့် သံတောင်ကြီး စစ်ဘေးရှောင်(၁)ထောင်ကျော် အကူအညီလိုအပ်
Photo crd : CJ
Photo crd : CJ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)ရွာထက်မနည်းရှိ စစ်ဘေးရှောင်(၁,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူအချို့က ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းဝင်ရောက်မှုကြောင့် ဘုံတောင်၊ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ငွေတောင်၊ ဗဟန်း၊ သစ်အယ်တောင်၊ မဏ္ဍပ်တောင် အစရှိသည့်ကျေးရွာများ နေရပ်စွန့်ခွာနေရခြင်းဖြစ်ပြီး နီးစပ်ရာအကူအညီဖြင့် ဘေးလွတ်ရာတွင် ယနေ့ထက်ထိစစ်ရှောင်နေရသည်။

ဧပြီ(၃၀)ရက်နေ့အထိ ထပ်တိုးရောက်လာသူများအပါအဝင် သံတောင်ကြီးမြောက်ပိုင်း စစ်ဘေးရှောင်စုစုပေါင်း (၁,၀၀၀)ကျော်ရှိနေပြီး အကူအညီလိုအပ်နေသည်ဟု ကရင်နှင့်ကယန်း(ကရင်နီ)နယ်မြေ၌ စစ်ဘေးရှောင်ကူညီနေသူတချို့က ပြောသည်။

“အခုမှအရေးပေါ်ရောက်လာကြတာ စနစ်တကျတော့မခွဲရသေးဘူး။ လူဦးရေ(၉၀၄)ဦးရှိတာတော့ သိတယ်။ လတ်တလော သွားတိုက်ဆေး၊ ဆပ်ပြာ၊ အမျိုးသမီးလစဥ်သုံး အထူးလိုအပ်တယ်။ တချို့ကအဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာတဲ့သူတွေဆိုတော့ အဝတ်အစားနဲ့စောင်တွေလိုတယ်။ ဆန်ကလည်းတချို့က နည်းနည်းပါတယ်။ တချို့ကမပါဘူး” ဟု ကရင်နီဘက်စစ်ရှောင်ကူ အမျိုးသားက ပြောသည်။

ဧပြီလ(၂၈)ရက်နေ့ကလည်း ကရင်ပြည်နယ်၊ လိပ်သိုမြို့သို့ စစ်ဘေးရှောင်(၄၀၀)ထက်မနည်း ရောက်ရှိခဲ့ရာ စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူအညီပေးရန် လိုအပ်လျက်ရှိကြောင်း လိပ်သိုမြို့နေ စစ်ဘေးရှောင်အကူအညီပေးနေသူက ပြောဆိုခြင်းရှိခဲ့သည်။

ထို့အပြင် ၎င်းရွာအုပ်စုများအတွင်း စစ်အုပ်စုစစ်ကြောင်းဝင်ရောက်စဥ် နေအိမ်အများအပြား မီးရှို့ခံလိုက်ရသလို လုံခြုံရေးအခြေအနေကြောင့် ယနေ့ထက်ထိ နေရပ်ပြန်ဖို့စိတ်မချရသေးကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သံတောင်မြောက်ပိုင်းရွာတွေမရှိတော့ဘူး။ မြိုပေါ်တက်ကုန်ကြတာလည်းရှိတယ်။ လိပ်သိုလ်၊ တောင်ငူ၊ ဆွာနဲ့ ရေတာရှည်ဘက်ပေါ့။ စကစ တွေကတော့ ဒီမနက်ပြန်ထွက်သွားတယ်လို့ကြားတယ်။ ဒေသခံတွေကတော့ ပြန်မလာရဲသေးဘူးလေ” ဟု မေလ(၁)ရက်နေ့တွင် ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းတွင် သာမိတိုက်နှင့်ငွေတောင်ကျေးရွာအုပ်စုအတွင်းသို့ စစ်အုပ်စုက နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။ 

ဧပြီလ(၂၄)ရက်နေ့က သာမိတိုက်အုပ်စု၊ ဘုံတောင်ရွာလေကြောင်းတိုက်ခိုက်မှု၌ သေဆုံးသူဒေသခံ(၁၇)ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး(၁၄)ယောက် ပါဝင်သည်ဟု ရွာမှစွန့်ခွာလာသူများကို အကူအညီပေးနေသည့် သတင်းအရင်းအမြစ်မှ သိရသည်။

ထို့အတူ ဧပြီလ(၂၇)ရက်နေ့က ငွေတောင်အုပ်စု၊ ဗဟန်းရွာသို့ လေကြောင်းတိုက်ခိုက်မှုတွင်လည်း ရွာခံ(၆)ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများကဆိုသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...