မုန်းမြို့တွင် ဆယ်ကျော်သက်အမျိုးသမီး မိုင်းနင်း၍ ပြင်းထန်ဒဏ်ရာရ

မုန်းမြို့တွင် ဆယ်ကျော်သက်အမျိုးသမီး မိုင်းနင်း၍ ပြင်းထန်ဒဏ်ရာရ
Photo crd: Save the Trees Rescue Team
Photo crd: Save the Trees Rescue Team

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က အသီးအနှံသွားရောက်ဝယ်ယူရင်း ဥယျာဉ်ခြံအတွင်း မိုင်းနင်းမိပြီး အသက်(၁၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး ညာခြေထောက်နှင့်ဘယ်မျက်လုံးတစ်ဖက် ဆုံးရှုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူထံမှသိရသည်။

မုန်းမြို့၊ အမှတ် (၄) ရပ်ကွက်နေ အသီးအနှံတစ်ဆင့်ခံပြန်လည်ရောင်းချသူ သားအမိနှစ်ဦးမှာ မေလ(၃)ရက်နေ့၊ မနက်ပိုင်းက ဥယျာဉ်ခြံတစ်ခုသို့ အသီးသွားရောက်ဝယ်ယူစဥ် သမီးဖြစ်သူ အမျိုးသမီးငယ်က မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းဖြစ်သည်။

"ခြံထဲရောက်တော့ ကနစိုးသီးထည့်ဖို့ဆိုပြီး သမီးဖြစ်သူက အမေကို စက္ကူဖာကမ်းဖို့ ခြံစည်းရိုးဆူးကြိုးကို ငုံ့ပြီးဝင်လိုက်တာ မိုင်းကပေါက်တော့တာပဲ။ သမီးလေးက ဒဏ်ရာတော်တော်ပြင်းတယ်။ ညာဘက်ခြေထောက်က ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်၊ ဘယ်ဘက်မျက်လုံးကလည်း ကျွတ်ထွက်သွားတယ်" ဟု သူမတို့မိသားစုနှင့်နီးစပ်သူက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီးငယ်၏ ဘယ်ဘက်ခြေထောက်နှင့် လက်မောင်းများတွင်ပါ မိုင်းစထိမှန်ဒဏ်ရာများ ရရှိသွားသည်ဟုလည်း အဆိုပါနီးစပ်သူက ဖြည့်စွက်ပြောသည်။

မိုင်းပေါက်ကွဲမှု၏ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိအချိန်ထိ တောင်ငူမြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီး၌ အဆိုပါအမျိုးသမီးငယ်ကို အရေးပေါ်ဆေးကုသမှုပေးထားရသည်ဟု တောင်ငူအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ Save the Trees Rescue အဖွဲ့ထံမှ သိရသည်။

မွေးချင်းမောင်နှမ(၂)ဦးရှိသည့် အမျိုးသမီးငယ်၏ဖခင်ဖြစ်သူမှာလည်း ၂၀၁၀ ခုနှစ်ဝန်းကျင်က မိုင်းစထိမှန်၍ မျက်လုံးနှစ်ဖက်နှင့် ညာဘက်ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့သေးကြောင်း အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“အဖေဖြစ်သူကလည်း မိုင်းကြောင့် ညာခြေတစ်ဖက်နဲ့မျက်စိနှစ်လုံးဆုံးရှုံးထားတယ်။ သမီးဖြစ်သူကလည်း အခုညာခြေတစ်ဘက်နဲ့ဘယ်ဘက်မျက်လုံး ဆုံးရှုံးသွားပြန်တယ်။ ညာဘက်မျက်လုံးအတွက်တော့ မျှော်လင့်ချက် ရေးရေးလေးရှိနေပါသေးတယ်။” ဟု Save the Trees Rescue အဖွဲ့က ဖော်ပြသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ မုန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်အုပ်စုတို့ တိုက်ပွဲအများအပြားဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းက မုန်းမြို့တိုက်ပွဲများပြီးနောက် စစ်အုပ်စုသည် မြို့တွင်းရှိ၎င်းတို့တပ်စခန်းများတွင် ပြန်လည်နေရာယူထားသလို မိုင်းများထောင်ထားနိုင်ကြောင်းလည်း ကေအဲန်ယူဘက်က ၂၀၂၄ ခုနှစ်တွင် ယူဆပြောဆိုခြင်းရှိခဲ့သည်။

မေလ(၃)ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်စဥ်တွင် အဆိုပါအမျိုးသမီးငယ် ထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး စစ်အုပ်စုထောက်ခံသည့်လှုမှုကွန်ရက်များတွင်မူ KNU နှင့် PDF တပ်ဖွဲ့ဘက်က ထောင်ထားသောမိုင်းအဖြစ် ဝါဒဖြန့်ချိလျက်ရှိသည်။

မုန်းမြို့ အမှတ်(၄)ရပ်ကွက်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၈)ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း ထိုစဥ်က ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...