ကျေးရွာအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားသော စစ်တပ်များ အားလုံး ပြန်လည်ရုပ်သိမ်းသွားမှသာ နေရပ်ပြန်နေ ထိုင်မည်ဟု ဇွန်လ ၅ရက် နံနက်တွင် ဖလူးကြီးကျေးရွာဘုရားကျောင်း၌ ပြုလုပ်သည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် လေးကေကော်ဒေသခံ စစ်ရှောင်များက တင်ပြခဲ့သည်။
တွေ့ဆုံပွဲတက်ရောက်သည့် ဒေသခံတစ်ဦးက “ကျနော်တို့ကတော့ ပြန်နေလို့မရဲဘူးပေါ့။ BGF၊ စစ်တပ်တို့က ဘုရားကုန်းတွေမှာ၊ အိမ်တွေမှာ အခုထိရှိတုန်းပဲ တင်ပြတာပေါ့။ အဲဒါတွေ အကုန်ပြန်ရုပ်သိမ်းမှ ပြန်နေရဲမှာပေါ့။ စစ်သားရှိ ရင်တော့ ပြန်နေလို့မရဲဘူးလို့ ရွာသားတွေကတော့ တင်ပြတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းတင်ပြချက်အပေါ် အခြေခံ၍ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူဘက်က ၎င်းတို့တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းနိုင်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တပ်ပြန်ရုပ်သိမ်းရန် ၇၀ ရာခိုင်နှုန်းခန့်ကို မိမိအနေဖြင့် တာဝန်ယူမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။
“ပြန်ရုပ်သိမ်းပေးမယ်လို့ ၁၀၀ မှာ ၇၀ရာခိုင်နှုန်းလောက်တော့ သူတာဝန်ယူမယ်လို့တော့ မောင်ချစ်သူကတော့ ပြောတယ်ပေါ့နော်။ လက်တွေ့တစ်ခုမှ မလုပ်ပြနိုင်ရင် ကျနော်တို့ပြည်သူအနေနဲ့ ဘယ်လိုယုံကြည်လို့ရမလဲပေါ့။ အကောင်အထည်ဖော်လာရင်တောင်မှ ကျနော်တို့ မနည်းကို စဉ်းစားရမယ်။ ဘာဖြစ်လဲဆိုတော့ နှစ်ပေါင်းများစွာ ခံလာခဲ့ရပြီးပြီ။ လွယ်လွယ်လေးနဲ့တော့ ကျနော်တို့ ယုံကြည်လို့ ဘယ်ရမလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။”ဟု သူက ထပ်လောင်း ပြောဆို သည်။
အင်အားရာနှင့်ချီသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် ဖလူးဒေသရွာသားများ နေရပ်ပြန်လည် နေထိုင်ရေး၊ တောင်ယာပြန်လည်စိုက်ပျိုးနိုင်ရေး၊ ကလေးများ ကျောင်းပြန်တက်နိုင်ရေး၊ လုပ်ဆောင်ကြရန် ပြောဆိုကြသော်လည်း ဒေသခံ စစ်ဘေးရှောင် စား၀တ်နေရေးကိစ္စများ၊ ကျေးရွာလူထု လုံခြုံရေးနှင့် မိုင်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာတာ၀န်ယူမှု၊ တာ၀န်ခံမှုကိစ္စများ ပြောဆိုခြင်းမရှိဘဲ ၎င်းတို့ဖြစ်စေချင်သည့်ကိစ္စများကိုသာ ပြောဆိုခဲ့ပြီး လူထု တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဖလူးဒေသခံတစ်ဦးက ယခုလို ပြောသည်။
“သူတို့ပြောတာက ကျောင်းတွေ ပြန်တက်ကြ၊ တောင်ယာတွေ ပြန်လုပ်ကြ၊ အိမ်တွေမှာ ပြန်နေကြတဲ့။ သူတို့ကိုယ် တိုင်တောင် အတိုက်ခိုက်ခံရမှာကြောက်လို့ လူထုရဲ့ရွာထဲ တပ်စွဲပြီး နေနေတာ။ လူထုက ပြန်ဆွေးနွေးတဲ့အခါမှာ သူတို့က လုံခြုံမှု အာမ မခံဘူး။ တောင်ယာတွေ၊ အိမ်တွေမှာ ရှိနေတဲ့ မိုင်းတွေ၊ လက်နက်ကြီးတွေ ရှင်းပေးမယ်ဆိုတာ တာ၀န်ခံပြီး မပြောဘူး။”ဟု ပြောသည်။
ဇွန် ၅ ရက်နေ့ က ကျေးရွာလူထုကို လာရောက်တွေ့ဆုံသည့်ပွဲတွင် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့်အဖွဲ့၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးအဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်း အင်အား ၃၀၀ကျော် ရှိပြီး ဒေသခံရွာသားများမှာ ၁၀၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်းတွေ့ဆုံပွဲတွင် ဖလူးကြီး၊ မယ်ထော်သလေး ကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင်များအား နေရပ်ပြန်လည်နေထိုင်ရန် စစ်ကောင်စီ စာသင်ကျောင်းများ ပြန်ဖွင့်ရန်၊ ကျောင်းအပ်ကျောင်းတက်ကြရန်၊ တောင်ယာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်ရန် ကိစ္စရပ်များကိုသာ အဓိက လာရောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီ၊ BGF တပ်ဖွဲ့များနှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက် စစ်ရေးတင်းမာနေသည့် လေးကေကော်၊ ထီးမယ့်ဝါးခီး၊ ရသေ့ဂူနှင့် သေ့ဘောဘိုးဒေသ စစ်ဘေးရှောင်များအား နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုမူ ၎င်းတို့အာ မခံ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံများက ပြောဆိုနေကြသည်။
မြ၀တီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးခီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ စသည့်ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ယခု ၆လကျော်ကြာအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူ့ထာ့၊ တနော့ထာ့၊ သေ့ဘောဘိုး၊ ကလော့ ထော၊ စုကလိနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။







