မိုးများဆက်တိုက်ရွာသွန်းခြင်းကြောင့် ဒေါနအရှေ့ခြမ်းရှိ စစ်ရှောင်များ နေရာထိုင်ခင်းနှင့် အစားအသောက် အခက်အခဲကြုံနေရ

မိုးများဆက်တိုက်ရွာသွန်းခြင်းကြောင့် ဒေါနအရှေ့ခြမ်းရှိ စစ်ရှောင်များ နေရာထိုင်ခင်းနှင့် အစားအသောက် အခက်အခဲကြုံနေရ

မိုးများဆက်တိုက်ရွာသွန်းခြင်းကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဒေါနအရှေ့ဘက်ခြမ်းရှိ သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင် နေထိုင်ခိုလှုံနေကြရသည့် စစ်ဘေးရှောင် များမှာ နေရာထိုင်ခင်းနှင့် စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေရသည်ဟု သိရှိရသည်။

မေလ ၂၀ရက်မှစ၍ မိုးများ မတိတ်သေးဘဲ အဆက်မပြတ်ရွာသွန်းသောကြောင့် သောင်ရင်းမြစ် ကမ်းနံဘေးတွင် တဲထိုးပြီး ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်များမှာ ယခုဆိုလျှင် နေရာထိုင်ခင်းနှင့် အစားအသောက်အခက်အခဲများကို ကြုံတွေ့ရသည်ဟု ဒေါနအရှေ့ခြမ်းတွင် စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

၎င်းက “ နေ့ရော၊ ညပါမိုးတွေ ဆက်တိုက်ရွာသွန်းတဲ့အတွက် သောင်ရင်းမြစ်ရေ မြင့်တက်လာတော့ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ အကုန်လုံးကို မြှုပ်သွားတယ်။ ကမ်းဘေးမှာရှိတဲ့ စစ်ရှောင်စခန်းထဲက ဆန်အိတ်တွေ ဟာမိုးရေတွေ ထိပြီး စိုကုန်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ထော်လဂျီတွေ အကုန်ရေမြှုပ်တော့ ကမန်းကတန်းကို ရွှေ့ပြောင်းနေကြရတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ စစ်ဘေးရှောင် (၁၅၂၈)ဦးခိုလှုံနေသည့် သေ့ဘောဘိုးကျေးရွာ သောင်ရင်းမြစ်ကမ်းနံဘေးတွင်လည်း မိုးကြီး၍ မြစ်ရေတက်လာမှုကြောင့် စစ်ရှောင်များ ညတွင်းချင်းနေရာရွှေ့ပြောင်းပေးရသလို စုပုံထားသည့် ဆန်အိတ်များလည်း ရေစိုသွားခဲ့သဖြင့် စစ်ရှောင်အတွက် ဆန်ရိက္ခာ အခက်အခဲရှိလာသည်ဟု သေ့ဘောဘိုးစစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ယခုလို ပြောသည်။

“ စစ်ရှောင်တွေက သူတို့အတွက်တဲဆောက်ထားတဲ့ အသစ်တဲအသစ်မှာ လာနေကြပြီ။ စစ်တပ်က လေယာဉ်ဗုံးလာကြဲတယ်။ အဲဒါနဲ့ကမ်းနားကို ပြန်ပြေးဆင်းလာခိုင်းတော့ ကမ်းနားမှာလာပြန်နေတော့ ဒီမိုးနဲ့ဘာ နဲ့ ဆန်အိတ်တွေပါရေမြှုပ်တော့ သယ်ရတာအသည်းအသန်ပဲ။ ဒီလအတွက် ရိက္ခာတောင်မလာသေးဘူး၊ တစ်သီးပုဂ္ဂလတွေလာလှူတဲ့ဟာတွေပဲရှိတယ်။” ဟု ပြောသည်။

ယခုလိုမိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးလူငယ်၊ သက်ကြီးရွယ်အို အဖိုးအ ဖွားများသည် မိုးထဲရေထဲတွင် ရွှေ့ပြောင်းနေထိုင်ရပြီး နေရာထိုင်ခင်း မလုံခြုံသည့်အတွက် ဖျားနာမှုများလည်း ရှိလာသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ဒေါနတောင်တန်းအရှေ့ဘက်ခြမ်း၊ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသအပါအဝင် ကျောက်ခက်၊ လေးဒေး၊ ဝေါလေ ၊ ကနဲလေး၊ တဥုထ၊ တနော့ထ၊ သေ့ဘောဘိုး ၊ ကလော့ထော်၊ စုကလိ၊ ဒေသဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ ကျော်အထိရှိနေဆဲဖြစ်သည်။ ယခုလို မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သူတို့အတွက် နေထိုင်စားသောက်မှု၊ ကျန်းမာရေး၊ အရေးပေါ်လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိရန် လိုအပ်နေသည်ဟု စစ်ရှောင်ကူညီရေးဆောင်ရွက်သူများက ပြောသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...