၂၀၂၂ ခုနှစ်အတွက် Gwangju Prize လူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်ရရှိ

၂၀၂၂ ခုနှစ်အတွက် Gwangju Prize လူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်ရရှိ

တောင်ကိုရီးယားနိုင်ငံက ပေးအပ်သည့် ၂၀၂၂ ခုနှစ်အတွက် Gwangju Prize for Human Right (ဂွမ်ဂျူးလူ့အခွင့်အရေးဆု)ကို ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတိုင်းရင်းသားများအတွက် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင် ရရှိကြောင်း မယ်တော်ဆေးခန်းက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ကမ္ဘာတဝှမ်းသွေးစည်းညီညွတ်ရေးအတွက် မြှင့်တင်လုပ်ဆောင်ပေးနေသည့် ဂွမ်ဂျူးမြို့ ၌ ဒီမိုကရေစီအရေးတော်ပုံကို အမှတ်တရတည်ထောင်ထားသည့် မေလ ၁၈ အမှတ်တရဖောင်ဒေးရှင်းကနေ ယခုလို ဆုရွေးချယ်ပေးအပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် ဒေါက်တာစင်သီယာမောင်၏ လူသားချင်းစာနာမှု လုပ်ဆောင်ချက်များသည် ပြည်သူများ၏ ဘဝများကို ကယ်တင်ပေးရာရောက်ပြီး မြန်မာပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာစေကြောင်း ဆုရွေးချယ်ရေးအဖွဲ့၏ ပြောဆိုချက်ကို ကိုးကားပြီး မယ်တော်ဆေးခန်း၏ လူမှု စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ဒီဆုရရှိခြင်းသည် သူမ၏ မမောမပမ်းလုပ်ဆောင်ချက် တခုတည်းအတွက် သာမကဘဲ ကာလရှည်ကြာပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနှင့်မရေမတွက်နိုင်သော ဒုက္ခများကို ရင်ဆိုင်နေခဲ့ရသည့် မြန်မာပြည်သူများအတွက် မယ်တော်ဆေးခန်းက ဝန်ထမ်းများ၊ မိတ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်ထောက်ပံ့ကူညီမှုကြောင့် ရသည့်ဆုဖြစ်ကြောင်းလည်း ဒေါက်တာ စင်သီယာမောင် အမြဲတမ်းပြောဆိုနေကြစကားကို ကိုးကား၍လည်း ယနေ့ မယ်တော်ဆေးခန်း၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ဒေါက်တာ စင်သီယာမောင်မတိုင်ခင် မြန်မာနိုင်ငံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်ရရှိခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်တွင်မူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တစ်ကြိမ်ရရှိခဲ့ဖူးကြောင်း သိရသည်။

ဒေါက်တာ စင်သီယာမောင်သည် ယခုပေးအပ်သော ဂွမ်ဂျူး လူ့အခွင့် အရေးဆုအပြင် ၁၉၉၉ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ်အထိ အာရှဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာမှ ပေးအပ်သော ဆုပေါင်း ၁၈ ခုအထိ ရရှိထားသူလည်း ဖြစ်သည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...