“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို ကိုယ်နဲ့မကွာ ကိုင်ဆောင်ထားဖို့ သတိပေးပြောကြားလိုပါတယ်။”
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခုလတ်တလော ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် အထောက်အထား သက်တမ်းတိုးရန် CI , ပတ်စပို့စ် လုပ်ရန် ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့အပါအဝင် ထိုင်းနိုင်ငံအတွင်း သွားလာရန် ဧည့်စာရင်းလက်မှတ် (TM 30) ကိစ္စ အခက်အခဲတွေ့ကြုံ နေရခြင်းရှိနေသည်။
၎င်းအခြေအနေများနှင့်ပတ်သက်၍ TM 30 အကြောင်းသိကောင်းစရာ၊ ယခုကာလခရီးသွားရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သတိထားဆင်ခြင်စရာများကို မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးကျော်နှင့် ကေအိုင်စီက မေးမြန်းထားပါသည်။
မေး။ အခုလတ်တလော မဲဆောက်ကနေ ဘန်ကောက်နဲ့ချင်းမိုင်ဘက်ကို ခရီးသွားကြတဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေ TM 30 မရှိလို့ ခရီးသွားလာခွင့်မရတဲ့အခြေအနေတွေ ကြုံတွေ့နေရပါတယ် ။ TM 30 ဆိုတာဘာလဲ၊ TM 30 မလုပ်ထားတော့ ဘယ်လိုအခြေအနေရှိနေလဲ အရင်ဆုံးပြောပြပေးပါဦး။
ဖြေ။ TM 30 ဆိုတာက အဓိကအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေပဲဖြစ်ဖြစ် နိုင်ငံခြားသားအလုပ်သမားတွေပဲဖြစ်ဖြစ် မိမိရောက်ရှိနေတဲ့နေရာမှာ တည်းခိုတဲ့နေရာကနေပြီးတော့ ဧည့်စာရင်းတိုင်ကြားရတဲ့ စနစ်တစ်ခုဖြစ်တယ်။ ဧည့်စာရင်းတိုင်ကြားရတဲ့ စနစ်တစ်ခုဖြစ်တဲ့အခါကျတော့ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေအပါအဝင် နိုင်ငံခြားသားတွေအကုန်လုံးက မဖြစ်မနေ ကိုယ်ရောက်ရှိနေတဲ့ဒေသမှာ တည်းခိုခန်းပဲဖြစ်စေ အိမ်ငှားတာပဲဖြစ်စေ အိမ်ရှင်ဘက်နဲ့ပူးပေါင်းပြီးတော့ ဧည့်စာရင်းတိုင်ကြားတဲ့ စနစ်တစ်ခုဖြစ်တယ်။
အခုဟာက ရွေ့ပြောင်းအလုပ်သမားတွေ သွားတဲ့လာတဲ့အခါမှာ ဧည့်စာရင်းတိုင်ကြားတဲ့ စာရွက်စာတမ်းမပါဘူးဆိုရင် ခရီးသွားခွင့်ကိုရပ်ဆိုင်းပြီး ခရီးသွားခွင့်ပိတ်ပင်ခံရတဲ့ အခြေအနေမျိုးတွေရှိနေတယ်။ အခု တာ့ခ်ခရိုင်မှာ တာ့ခ်ခရိုင်အပေါ်ပိုင်းကိုသွားတဲ့ နယ်စပ်ကနေပြီးတော့ အပေါ်ပိုင်းကိုသွားတဲ့ ရွေ့ပြောင်းအလုပ်သမားတွေအများအပြားလည်း ဂိတ်မှာ TM30 လို့ခေါ်တဲ့ စာရွက်စာတမ်း မပါတဲ့အတွက်ကြောင့် ခရီးသွားခွင့်ပိတ်ပင်ခံရတာမျိုးတွေကြုံနေရတာဖြစ်တယ်။
မေး။ မဲဆောက်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဘယ်လိုအထောက်အထားနဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေဟာ TM 30 ဧည့်စာရင်းစာရွက်ကို လုပ်ဆောင်ထားရတာလဲ သိပါရစေ။
ဖြေ။ ဒါကတော့မဲဆောက်မှာနေနေကြတဲ့ မြန်မာနိုင်ငံသားတွေတည်းခိုတဲ့ အိမ်ဌား၊ အခန်းဌားနေတဲ့နေရာတွေက အလုပ်သမားတွေအနေနဲ့ ခရီးသွားတဲ့အခါမှာ ကိုယ်သွားတဲ့နေရာ ကိုယ်ရောက်ရှိတဲ့နေရာမှာ ကိုယ့်မှာရှိတဲ့ ဗီဇာတွေ ပတ်စ်ပို့တွေ သက်တမ်းတွေတိုးတဲ့အခါမှာ လဝကမှာ TM 30 တိုင်ကြားဖို့ လိုအပ်မှာဖြစ်တယ်။ အဲဒါမှသာ ခရီးသွားခွင့်ရမှာ၊ ဒီထိုင်းနိုင်ငံမှာ ကတ်တွေအမျိုးမျိုးရှိတယ်။ ၅ နှစ်ခံရှိတယ် ၁၀ နှစ်ခံရှိတယ် CI လက်မှတ်ရှိတယ်။ ပန်းရောင်ကတ်နဲ့တွဲကိုင်တဲ့ CI လက်မှတ်ရှိတယ်။ အဲဒီလို လက်မှတ်အမျိုးအစားတွေကလည်း သူ့အဆင့်နဲ့သူ သူဌေးထောက်ခံစာပါရမယ်။ ခရီးတစ်ခုသွားမယ်ဆိုရင် ဧည့်စာရင်းတိုင်ထားတဲ့ TM 30 ပါရမယ်။ ပြီးရင် ကျနော်တို့သွားမဲ့နေရာပေါ့ ဘယ်နေရာသွားမလဲ ဘယ်နေရာတည်းခိုမလဲဆိုတဲ့ အချက်အလက်တွေကို အသေးစိတ်ပြောကြားရတာဖြစ်တယ်။
မေး။ ထိုင်းနိုင်ငံထဲမှာ ရွေ့ပြောင်း နေထိုင်အလုပ်လုပ်ကိုင်သူတွေ ခရီးသွားဖို့ စာရွက်စာတမ်း အထောက်အထား သတ်မှတ်ချက်တွေ ပိုတိုးလာတာနဲ့ပတ်သက်ပြီးတော့ ဆရာ့ရဲ့ အတွေ့အကြုံနဲ့ သုံးသပ်ချက်ကိုလည်း မျှဝေပေးပါဦး။
ဖြေ။ အတွေ့အကြုံဆိုရင် ပြီးခဲ့တဲ့ ၅ လပိုင်း ၂ ရက်နေ့က ခရီးသွားတဲ့အခါမှာ မြို့နယ်အုပ်ချုပ်ရေးရုံးမှာရှိတဲ့ ခရီးသွားထောက်ခံစာ ဘယ်ကိုသွားမှာ၊ ဘယ်မှာတည်းခိုမယ်၊ ဘယ်နှစ်ရက်ကြာမယ်ဆိုတာမျိုး ကျနော်တို့တိုင်ကြားရတယ်။ တိုင်ကြားပြီးတော့မှ သက်ဆိုင်ရာ အန်ဖိုရုံး ကနေပြီးတော့ ခရီးသွားခွင့်လက်မှတ်ထုတ်ပေးတဲ့ အခြေအနေမျိုးရှိတယ်။ ပထမဦးဆုံးက တခြားကတ်အမျိုးစား ဆယ်နှစ်ခံကတ်ဆိုရင် မြို့ပိုင်ရုံးမှာ ထော်လော်စံ စာရွက်ထုတ်ရတယ်။ ပြီးပြီဆို ခရီးသွားထောက်ခံစာယူရတယ်။ အလားတူပဲ နောက်ပိုင်းမှာ ပန်းရောင်ကတ်နဲ့ CI တွဲကိုင်ထားတဲ့သူဆိုရင် ထော်လော်စံ စာရွက်ထုတ်ပြီးပြီဆိုရင် မြို့ပိုင်ရုံးမှာ ခရီးသွားထောက်ခံစာကို ကိုယ်ရှိတဲ့နယ်ပယ်က အာဏာပိုင်အဖွဲ့စည်းတွေ၊ အုပ်ချုပ်ရေးရုံးကနေပြီးတော့ ဒီလိုထောက်ခံစာယူရတဲ့ စနစ်မျိုးပါဖြစ်လာတယ်။ သွားရေးလာရေးတွေက တင်းကြပ်လာတယ်။ ဒါက ထိုင်းနိုင်ငံထဲမှာရှိတဲ့ လုံခြုံရေးအရ ဝင်ရောက်လာတဲ့ နိုင်ငံခြားအလုပ်သမားလူဦးရေများလာတဲ့အပေါ်မှာ သူတို့ကန့်သတ်ပြီးတော့ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နေတဲ့ အစီအစဉ်ဖြစ်တယ်လို့လည်း ကျနော်တို့သိရပါတယ်ဗျ။
မေး။ မဲဆောက်က ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေအတွက် ဘာများသတိပေးချင်လဲ။
ဖြေ။ အခုကာလမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း ကြေညာထားတဲ့ သူတို့အလုပ်အကိုင်နဲ့ ကိုင်ထားတဲ့အထောက်အထားလက်မှတ်တွေနဲ့ အလုပ်အမျိုအစား၊ သူဌေးနာမည် စတဲ့ဟာတွေကိုတိုက်ဆိုင်စစ်ဆေးပြီး လုပ်ငန်းရှင်ရော၊ အလုပ်သမားတွေရောကို စစ်ဆေးပြီးတော့ ကိုက်ညီမှုမရှိဘူးဆိုရင် အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက် သတိပေးစာထွက်လာပြီဆိုတော့ အလုပ်သမားတွေအနေနဲ့ ကိုယ့် ဘတ် အမျိုးစားကိုကြည့်ပြီးတော့ ကိုယ့်အလုပ်အကိုင်အမျိုးအစား၊ ကိုယ့်လုပ်ငန်းရှင်ရဲ့အမည်တွေကို တိုက်စစ်ပြီးတော့ တူညီမှုရှိအောင် အလုပ်လုပ်ကိုင်နေတဲ့အခါမှာ သတိချပ်ဖို့လိုအပ်တယ်။
ခရီးသွားလာတဲ့အခါမှာဆိုရင်လည်း ကိုယ့်လက်မှတ်အထောက်အထားတွေနဲ့ TM30 လို့ခေါ်တဲ့ ဧည့်စာရင်းတိုင်ကြားမှုတွေ Update ဖြစ်ဖို့လိုအပ်တယ်။ နောက်တစ်ခုကျတော့ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာတွေမှာ အစစ်အဆေးတွေကို မတိမ်းရှောင်ဘဲနဲ့ အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ဒီအခြေအနေတွေမှာ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို ကိုယ်နဲ့မကွာ ကိုင်ဆောင်ထားဖို့ သတိပေးပြောကြားလိုပါတယ်။
Photo crd : ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့







