စစ်အာဏာသိမ်းမှုနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း သတင်းမီဒီယာအဖိနှိပ်ခံရမှု စံချိန်တင်မြှင့်တက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း သတင်းမီဒီယာအဖိနှိပ်ခံရမှု စံချိန်တင်မြှင့်တက်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း သတင်းမီဒီယာ အဖိနှိပ်ခံရမှု စံချိန်တင်မြှင့်တက်ခဲ့ကြောင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့များ၏ မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက် ထုတ်ပြန် ချက်အရ သိရသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များကို ကိုးကားပြီး The Institute for Strategy and Policy (ISP-Myanmar) ၏ ယမန်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ ၁၉၉၅ ခုနှစ်မှ ယနေ့မျက်မှောက်ကာလ ၂၀၂၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် သတင်းမီဒီယာဖိနှိပ်ခံရမှု စံချိန်တင်မြှင်တက်လာခြင်းဖြစ်ကြောင်း နှိုင်းယှဉ်ဖော်ပြ ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိ တစ်နှစ်ကျော် ကာလအတွင်း သတင်းဌာနပေါင်း ၁၁ ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ရုပ်သိမ်းပြီး ဖမ်းဆီးခြင်း၊ ဝရမ်းထုတ်ခြင်းများ ပြုလုပ်ခဲ့သလို သတင်းထောက် ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ၂ ဦးသေဆုံးသွားကာ စစ်ကောင်စီ၏ စစ်ကြောရေးတွင် တစ်ဦးသေဆုံးသွားခဲ့သည်ဟု ISP-Myanmar က ဆိုသည်။

အဆိုပါ အဖမ်းဆီးခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦးအနက် ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၃၉ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ကာ ၁၉ ဦးမှာ ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရကြောင်းလည်း ISP- Myanmar ဆက်လက် ဖော်ပြထားသည်။

ထို့အတူ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းမီဒီယာများကို ဖမ်းဆီးထောင်ချမှုအ များဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(CPJ)၏ ၂၀၂၁ခုနှစ်၊ ဇူလိုင်လထုတ် အထူးနှစ်လယ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသလို အဆိုပါနှစ် ဒီဇင်ဘာလတွင် ဖော်ပြထားသည့် အထူးထုတ်ပြန်ချက်တွင်လည်း တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် သတင်းမီဒီယာများအပေါ် ဖမ်းဆီး ချုပ်နှောင်မှု ဒုတိယ အဆိုးရွားဆုံးတိုင်းပြည်အဖြစ် အဆင့်မြှင့်တက်လာခဲ့ကြောင်း CPJ က ဖော်ပြထားသည်။

လက်ရှိ ISP-Myanmar ထုတ်ပြန်ထားသည့် သတင်းသမားများ ဖမ်းဆီးချုပ်နှောင်မှုနှင့် ထောင်ချခံရမှု အရေ အတွက်မှာ သက်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနှင့် သတင်းသမားများအရေး လှုပ်ရှားဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များအပေါ် အခြေခံထုတ်ပြန်ထားခြင်းဖြစ်ပြီး မြေပြင် သတင်းအချက်အလက်တွင် ၎င်းအရေအတွက်များနိုင်ကြောင်း ဖော်ပြထားသလို အသံအဖွဲ့၏ နောက်ဆုံး ရရှိထားသည့် ကိန်ဂဏန်းအရေအတွက်အရ ဖမ်းဆီးခံသတင်းသမား ၁၅၆ ဦးရှိကာ ၃ ဦး သတ်ဖြတ်ခံရကြောင်း ဖော်ပြထားသည်။

အလားတူ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အတွက် ထုတ်ပြန်သည့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံတွင် ပုဒ်မ အမျိုးမျိုးတပ်၍ အဖမ်းဆီးခံထားရသော သတင်းသမား စုစုပေါင်း (၁၆၆) ဦးရှိကြောင်း Myanmar Press Freedom In-Depth ၏ အချက်အလက်ကို ကိုးကား၍ ထုတ်ပြန်ထား သည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုဘက်မှ သတင်းသမားများအပေါ် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလုပ်ကာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်လျက်ရှိကြောင်းနှင့် သတင်းလွတ်လပ်ခွင့်၏ အခြားသော အစိတ်အပိုင်းများဖြစ်သည့် အင်တာနက်ဖြတ်တောက်ခြင်း၊ အင်တာနက်အသုံးပြုခတိုးမြှင့်ခြင်း၊ အင်တာနက်ဝန်ဆောင်မှုလျှော့ချခြင်း၊ အင်တာနက် အသုံးပြုမှုကန့်သတ်သော ဥပဒေများ၊ အမိန့်ညွှန်ကြားချက် များကိုလည်း နေ့စဉ်ရက်ဆက် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသေးသည်။

၎င်းအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း လူ့အခွင့်အရေး ကြေညာစာတမ်းများနှင့်အညီ မြန်မာနိုင်ငံတွင် သတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ဖိအားပေးအရေးယူပေးရန်နှင့် စစ်ကောင်စီမှ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာမှ သိရှိအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

ဆက်လက်ပြီး NUG အစိုးရအနေဖြင့် သတင်းမီဒီယာများနှင့် သတင်းသမားများ၊ သတင်းအရင်းအမြစ်များအပေါ် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက် တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံး ကြသူများ ထိခိုက်နစ်နာမှု မရှိစေရေး ကာကွယ်နိုင်ရန်အတွက်လည်း သမိုင်းဖြစ်စဉ်များအပေါ် သင်ခန်းစာယူကာ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြုပြောဆိုထားသည်။

၁၉၉၃ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)အဖြစ် ကြေညာခဲ့သည်။ အဆိုပါနေ့သည် ကမ္ဘာ့နိုင်ငံ အစိုးရများအနေဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ၎င်းတို့၏ကတိကဝတ်များကို အလေးထားရန် ပြန်လည်အမှတ်ရ သတိပေးခြင်းအတွက် ရည်ရွယ်သည့်နေ့လည်း ဖြစ်သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...