ဒေါန အရှေ့ခြမ်း စစ်ဘေးရှောင်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုများ လိုအပ်နေ

ဒေါန အရှေ့ခြမ်း စစ်ဘေးရှောင်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုများ လိုအပ်နေ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဒေါနရှေ့ခြမ်းဒေသ စစ်ဘေးရှောင်များအနေဖြင့် တစ်ပိုင်တစ်နိုင်ကူညီသူများ၏ ရိက္ခာပို့ပေးမှုကိုသာ အားထားစားသောက်နေရသည့်အတွက် ရေရှည်တွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှု လိုအပ်နေကြောင်း စစ်ဘေးရှောင်အစုအဖွဲ့အလိုက် ကူညီစောင့်ရှောက်ပေးနေသူများက ပြောသည်။

ဒေါနအရှေ့ခြမ်း လေးကေကော်မှ ဝေါလေ၊ ကနဲလေးဒေသအထိ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်နှင့် KNLA ပူးပေါင်းတပ် ဖြစ်ပွားနေသည့် တိုက်ပွဲများ ၄လကျော် ကြာမြင့်လာသည့်အချိန်တွင် ဒေသတွင်း ကျေးရွာပေါင်း ၂၀ ခန့်မှ စစ်ဘေးရှောင်များအနေဖြင့် ကာလရှည်ကြာစွာ အဆင်ပြေသည့် နေရာများတွင် စုဖွဲ့၍ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် လာမည့် မိုးရာသီကာလအတွင်း နေရာထိုင်ခင်းနှင့် စားသောက်စရာ အတွက် အခက်အခဲများကြုံတွေ့ ရနိုင်သည့်အခြေအနေရှိ၍ နိုင်ငံတကာအဖွဲ့အစည်းများက ကူညီ စောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်အစု အဖွဲ့ကူညီပေးနေသူတစ်ဦးက ယခုလိုပြောသည်။

“ထိုင်းဘက်ကနေ မိတ်ဆွေတွေက သူတို့အစီအစဉ်သူတို့ လမ်းကြောင်းနဲ့ သူတို့လာကူပို့ကြတာတော့ ရှိတယ်။ အခုတလောမှာတော့ အစစ်အဆေးတင်းကြပ်တာတွေရှိတယ်၊ အများကြီးသယ်တာမျိုး မရဘူး၊ စစ်ဘေးရှောင်နေတဲ့သူတွေအနေနဲ့ကတော့ လာလှူလာပို့ကြတဲ့အခါ မျှဝေစားကြပေါ့၊ မလာတဲ့အခါ မရှိတဲ့အခါ အနီးအနားက ရွာစျေးဆိုင်ဘက်မှာ ပိုက်ဆံနဲနဲပါးပါး ရှိတဲ့သူတွေကတော့ ၀ယ်စားကြတာပေါ့၊ မရှိတဲ့သူကတော့ ချွေတာစားသောက် ကြရတာပေါ့။ အခုဆို မိုးရာသီထဲရောက်တော့မယ်၊ လိုအပ်တာ တွေ ကတော့အများကြီးပါဘဲ၊ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေ ကူညီစောင့်ရှောက်တာမျိုး လိုအပ် နေပြီ”ဟု ကျောက်ခက်ကျေးရွာအနီး စစ်ရှောင်ခိုလှုံနေထိုင်ရာနေရာတွင် အကူအညီပေးနေသူက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် ဖလူးကြီး၊ ဖလူးလေး မြစ်ကမ်းဘေး မှ ကျောက်ခက်၊ သေ့ဘောဘိုး၊ ထီးကပလယ်၊ မော်ခီးနှင့် ကနဲလေး ဒေသဘက်အထိ စစ်ဘေးရှောင်များအနေဖြင့် ဝါးတောများ၊ ခြုံပုတ်ကိုင်းပင်များထူထပ်ပြီး အရိပ်ရနေရာများတွင် ယာယီ အမိုးအကာများဖြင့်သာ မိသားစုအလိုက်စုဖွဲ့နေထိုင်နေကြရသည့် လူဦးရေ ပေါင်း ၁၂,၀၀၀ ကျော်ရှိ သည်ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများ၏ ကောက်ခံထားသည့် စာရင်းအရ သိရသည်။

KNU ဒူးပလာယာခရိုင်အတွင်း ၄ လကျော်အကြာအထိ တိုက်ပွဲများ နေရာစုံ ဖြစ်ပွားနေဆဲအခြေအနေ တွင် စစ်ကောင်စီတပ်များ စစ်အင်အားတိုး စစ်ဆင်ရေးအသွင်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင် ရန် ပြင်ဆင်နေသည့်အတွက် ဒေသတွင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး အစီအစဉ်များအား နိုင်ငံတကာအဖွဲ့အစည်းများ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့် KNU အဖွဲ့အစည်းများအနေဖြင့် ရေရှည်ကူညီထောက်ပံ့မှုအစီအစဉ်များ အရေးပေါ် ကူညီစောင့်ရှောက်ပေးရန် လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...