မြဝတီမြို့တောင်ဘက်ရှိ မော်ခီးဒေသ၊ ဘုရင့်နောင်ကုန်းတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က လက်နက်အပြည့်အစုံနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။
ဘုရင့်နောင်ကုန်းရှိ ခြေမြန်တပ်ရင်း ခမရ-၅၅၅ တပ်ရင်းမှ တပ်သား ဇော်မင်းထွေး ၂၇နှစ်သည် တပ်တွင်း အနိုင်ကျင့်မှုနှင့် အစာရေစာပြတ်လပ်မှုဒဏ်ကို မခံမရပ်နိုင်သောကြောင့် KNLA တပ်ရင်း ၂၀၁ နှင့်ချိတ်ဆက်ကာ ယခုလို လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ယခုလို ပြောသည်။
“ကျနော်တို့ အဝတ်အစားလည်းမရှိတော့ဘူး။ စုတ်ပြတ်သတ်ကုန်ပြီ၊ လူကလည်း ပိန်ခြောက်ကုန်ပြီ။ အရက် ၂၀မှ ရေတခါချိုးရတယ်ဆိုတော့ နည်းတဲ့အဆင့်မဟုတ်ဘူး။ ခွေးသာသာလောက်ပဲရှိတယ်။ ခွေးတောင်မှ တစ်နေ့ တစ်ခါ ရေချိုးနိုင်တယ်။ ထမင်းလည်း ငတ်ပြတ်နေပြီ။ အဲဒါကိုအကျိုးအကြောင်းလည်း ပြောလို့မရဘူး။ တိုင်တွေ ပတ်၊ ဒုက္ခတွေရောက်နေတယ်။ သူတို့ကျတော့ ထမင်းစားရတယ်။ ကျနော်တို့ကျတော့ ဆန်ပြုတ်သောက် ရ တယ်။ သူတို့ လုပ်ချင်တိုင်းလုပ်နေတယ်။ ထင်တိုင်းကြဲချင်တိုင်း ကြဲနေတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။
တပ်သား ဇော်မင်းထွေးနှင့်အတူ MA 1 သေနတ်တစ်လက်၊ ကျည်ဆံ ၁၆၀ တောင့်၊ ကျည်မက္ကဇင်း(၁ )ခုနှင့် လက်ပစ်ဗုံးတစ်လုံးပါရှိသည်ဟု သိရှိရသည်။
KNLA ထံ လာရောက်ပူးပေါင်းခဲ့သူ တပ်သားဇော်မင်းထွေးအား လက်ရှိအချိန်တွင် ကောင်းမွန်စွာလက်ခံကြိုဆိုခဲ့ ပြီး သူ့ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု KNLA ၂၀၁ တပ်ရင်းမှ ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောတနာထူးက ယခုလို ပြောသည်။
“သူ့ကို ကောင်းမွန်စွာ လက်ခံတယ်။ သူ့အပြောကတော့ အလုပ်လေးရှာပြီးတော့ သူ့မိဘကို ထောက်ပံ့မှာပေါ့နော်။ သူ့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းကိုတော့ ကျနော်တို့ ခွင့်ပြုပါတယ်။ အခုလောလောဆယ်တော့ သူတို့ရဲ့ လုံခြုံရေးကို ကျနော်တို့ ယူထားပေးရတာပေါ့နော်။”ဟု ပြောသည်။
KNLA ၂၀၁ နယ်မြေ မော်ခီးဒေသတဝိုက်တွင် စစ်ကောင်စီ စစ်စခန်း ၄ ခုရှိပြီး ခလရ (၃၂)နှင့် ခမရ ၅၅၅ တပ်ရင်းတို့ အခြေချလှုပ်ရှားလျက်ရှိသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း KNLA ၂၀၁ တပ်ရင်းထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးအထိ လာရောက်ပူးပေါင်းခဲ့ပြီဟု ထောက်လှမ်းရေးမှူးဖြစ်သူ ဗိုလ်ကြီးတနာထူးက ပြောသည်။







