လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို နိုင်ငံနည်းလမ်းအရ ဆွေးနွေးအဖြေရှာသွားရန် အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဆွေးနွေးဖြေရှင်းမည့်လမ်းပြမြေပုံ ပုံစံများကိုမူ အသေးစိတ်ထုတ်ဖော်ပြော ကြားနိုင်ခြင်းမရှိသေးကြောင်း ယနေ့ PPST၏ သတင်းစာရှင်းလင်းပွဲအရ သိရသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်-NCA ၏ အနစ်သာရကို အခြေခံချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက် (၇)ရပ်ကို အခြေခံပြီး နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်(၈)ရပ်ဖြင့် လက်ရှိ နိုင်ငံရေးပြဿနာကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများအားလုံးကို အဆိုပြုတင်ပြဆွေးနွေးအဖြေရှာသွား မည်ဖြစ်သော်လည်း ထိုအဆိုပြုချက်များကိုမူ လက်ရှိတွင် ထုတ်ဖော်ပြောဆို နိုင်ခြင်းမရှိသေးကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ယခုလိုပြောဆိုသွားခဲ့သည်။
၎င်းက “ဒီ ၈ ချက်ကိုဘာကြောင့် တိတိကျကျ မထုတ်ဖော်ပြောသေးလဲဆိုရင် တခါတလေကျရင် တွေ့သင့်၊ တွေ့ ထိုက်တဲ့ အင်အားစုတွေနဲ့ တွေ့ပြီးတော့မှ ပြင်ဆင်ဆောင်ရွက်သွားရမှာတွေလည်း ရှိပါတယ်။ ညှိနှိုင်းသွားရမှာ တွေလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ ယေဘုယျအားဖြင့်ပဲ ကျနော်တို့ရည်မှန်းထားတဲ့ဟာကို တင်ပြနေတာဖြစ် တယ်။ အခြေအနေအချိန်အခါ လုံလောက်တဲ့ အခြေအနေ ရောက်ပြီးဆိုရင်တော့ အဆိုပြုချက် ၈ ချက်ဘာလဲ ဆိုတာကို ထုတ်ဖော်တင်ပြသွားမှာပဲဖြစ်ပါတယ်။”ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသွားခဲ့သည်။
ထို့အပြင် ၎င်းအဆိုပြုချက်များမှာ ပုံသေသတ်မှတ်ထားချင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာပါဝင်တင်ပြထားသည့် အဖွဲ့အစည်းများအနေဖြင့် လိုအပ်သလို ဖြည့်စွက်တင်ပြပြင်ဆင်နိုင်ကြောင်း ဆက်လက်ပြောဆိုသွားသလို သက်ဆိုင်ရာ စစ်ကောင်စီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အစရှိသည့် နိုင်ငံရေးအတွင်း ပါဝင်ပတ်သက် သူများနှင့် ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ရဲဘော်မျိုးဝင်းက ဆက်ပြောသည်။
၎င်းတို့၏ ရပ်တည်ချက် ၇ ရပ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းသူများအားလုံးကို အမြန်ဆုံးလွတ်ပေးပြီး ဆွေးနွေး ဖြေရှင်းရန်၊ အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ အကူအညီဖြင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသွားရန်၊ တိုင်ပြည်အာဏာကို အရပ်သားအုပ်ချုပ်မှုနှင့် ဒီမိုကရေစီ ဘောင်အတွင်း အမြန် ဆုံးလွှဲပြောင်းရေး ဝိုင်းဝန်းအဖြေရှာရန်၊ တိုင်းပြည်၏ အခြေခံအဆောက်အအုံများပြုပြင်ပြောင်းလဲသွားရန်၊ လူထုကိုအကာအကွယ်ပေးသည့် လုံခြုံရေးစနစ်တည်ဆောက်ရေး၊ ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှု များအတွက် ဘဝပြန်လည်ထူထောင်ရေးနှင့် ကုစားရေးဆောင်ရွက်သွားရန်နှင့် ရေရှည်ငြိမ်းချမ်းရေးကို ဦးတည် စေသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စသည့်အချက်များပါဝင်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုချင်း၊ ဆွေးနွေးခြင်းကို NUG အစိုးရအပြင် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြုလုပ်သွားမည်မဟုတ် ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားသလို စစ်ကောင်စီကို ခုခံတော်လှန်သည်လက်နက်ကိုင်လမ်းစဉ် အပေါ်တွင်လည်းပိုမိုအရှိန်မြှင့်တင်လာသည့်အချိန်တွင် PPST မှ ယခုလို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေးပြဿနာသည် နောက်ဆုံးဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းဖြင့်သာ နိဂုံးချုပ်သွားရ မည်ဖြစ်ကြောင်းလည်း PPST က ဆိုသည်။
PPST၏ ရပ်တည်ချက်အပေါ် တိုင်းရင်းသားနိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ဗညားမွန်က " နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ကတော့ ဘယ်အပေါ်မှာ ဆွေးနွေးသလဲ မရှင်းဘူးလို့ ကျနော်နားလည်တယ်ပေါ့နော်။ ညှိနှိုင်းဆောင်ရွက်တဲ့အခါကျတော့ ဘယ်အင်အားစုနဲ့ ညှိနှိုင်းဆောင်ရွက်မလဲ အဲဒါလည်း မရှင်းဘူးပေါ့နော်။ PPST ရဲ့ ဆွေးနွေးပွဲက NCA အနှစ်သာရကို အခြေခံတဲ့အခါကျတော့ သွားချင်တဲ့လမ်းပြမြေပုံကလည်း အဲဒါ ကျနော်ထင် တယ် တော်တော်ဝေဝါးတယ်။ နောက်တစ်ခုက လက်ရှိ အနေအထားမှာ PPSTက လက်ရှိ စစ်ကောင်စီကို အင်အားစုတစ်စုအနေနဲ့ အသိအမှတ်ပြုထားတဲ့ ပုံစံလား အဲဒါလည်း မရှင်းတဲ့အချက်ဖြစ်တယ်။ ။" ဟု ကေအိုင်စီသို့ ဝေဖန်သုံးသပ်သည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့မှ ယခုလ ၃ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ပြီးစီးခဲ့သည့် စတုတ္ထ အကြိမ်မြောက် NCA-EAOs ၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ဒုတိယပိုင်း)အပြီး အဆိုပါ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သလို PPST ၏ ပြန်လည်စုဖွဲ့မှု ပုံစံသစ်၊ စုဖွဲ့မှုအသစ်အတွက် လုပ်ငန်းလမ်းညွှန်(TOR) နှင့် PPST၏ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်တို့အား အကျေအလည် ညှိနှိုင်း ဆွေးနွေးအတည်ပြုနိုင်ခဲ့ သည်ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါ PPST ၏ ပြန်လည်စုဖွဲ့မှု ပုံစံတွင် တစ်ဖွဲ့ချင်းစီမှ ကိုယ်စားပြုကိုယ်စားလှယ် ၂ ဦးပါဝင်၍ PPST ၏ လုပ်ငန်းစဉ် ဦးဆောင်မှု ကော်မတီတွင် နိုင်အောင်မင်းမှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ခိုင်စိုးနိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ရဲဘော်မျိုးဝင်းအနေဖြင့် Coordinator အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း ကြိုးပမ်းမှုအပေါ် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာတွင် သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် PPST အနေဖြင့် အသင့်ရှိနေကြောင်းနှင့် အရေးပေါ် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း နိုင်ငံတကာအင်အားစုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချင်တွင် ဖော်ပြပါရှိသည်။
ယမန်နေ့က ပြီးဆုံးသွားသည့် ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်းများ ညီလာခံတွင် အပစ်ရပ်အဖွဲ့အစည်းအသီးသီးမှ ၃၉ ဦး၊ အထူးဖိတ်ကြားခဲ့သည့် ကိုယ်စားလှယ် ၂၃ ဦး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု မြှင့်တင်ရေး အစီအစဉ်(WLPP)မှ ကိုယ်စားလှယ် ၃ ဦး၊ လေ့လာသူ ၂ ဦး နှင့် အခြားသော အထောက် အကူပြု ကိုယ်စားလှယ်များ ၂၄ဦး စုစုပေါင်း ၉၆ ဦး တက်ရောက်ခဲ့သည်။ ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှခေါင်းဆောင်များ ကိုယ်စားပြုမတက်ရောက်ခဲ့သော်လည်း ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တသီးပုဂ္ဂလ အနေဖြင့် ညီလာခံအဖွင့်တွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်







