လတ်တလော စစ်ရေးတင်းမာနေသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ပေါ် တွင် ခရီးသွားကားများနှင့် ကုန်စည်ကားများ ရာချီပိတ်မိနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းအား မတ်လ ၂၇ရက်နေ့မှစ၍ လမ်းအသုံးပြုမှုမလုပ်ရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပြီးသည့်နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်လိုလိုဖြစ်ပွားခဲ့ရာ အရပ်သားကားများ ပစ်ခတ်မီးရှို့ခံရသဖြင့် လူအသက်သေဆုံးသည့်ဖြစ်စဉ်များရှိလာသည်။
ယမန်နေ့ မတ်လ ၂၉ ရက်တွင်လည်း မြဝတီ ကော့ကရိတ် အာရှလမ်းသစ် ကော့နွဲ ရွာနှင့် တောနော်ချောင်းတံတားဘက်တွင် အိမ်စီးကား ၂ စီး၊ ကုန်ကား ၂ စီးတိုက်ပွဲ ဖြစ်နေချိန် ပစ်ခတ်မီးရှို့ခံခဲ့ရသလို အရပ်သားကားများ၊ ကုန်စည်ကားများ မြဝတီဘက်နှင့် ကော့ကရိတ်မြို့ဘက်သို့ ပြန်ဆုတ်ကာ အစီးရေ ရာချီလမ်းပိတ်နေကြောင်းဒေသတွင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
၎င်းက "မြဝတီ အာရှလမ်းသစ်လမ်းမှာက BGF ၊ နဲ့ စစ်စခန်းကုန်းတွေရှိတယ်၊ သူတို့ က အရပ်သား ကားနဲ့ လက်နက်ခဲယမ်းနဲ့ စစ်အင်အားတွေ ဖြည့်ဖို့ စစ်ကူတက်လာတာတွေအတွက် လမ်းလုံခြုံရေး စောင့်နေတာတွေ ရှိနေတယ်၊ အဲ့ဒီလမ်းမမှာ ကရင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာမို့ ကားအသွား အလာတွေ မလုပ်စေချင်ဘူး၊ အခုရက်ပိုင်းထဲမှာ ကားတွေ အပစ်ခံရတာ မီးရှို့ ခံရတာ လူသေတာတွေ ဖြစ်နေတော့ အသွားအလာ ဆင်ခြင်ကြစေချင်တယ်။"ဟု ပြောသည်။
အဆိုပါ အာရှလမ်းသစ်လမ်းပိုင်းမှတစ်ဆင့် ဝေါလေ-သေ့ဘောဘိုးဘက်သို့ စစ်ကောင်စီ စစ်ကူ စစ်ကြောင်းများ အရပ်သားကားများ အသုံးပြုတက်လာနေသည့် သတင်းကြောင့် ကော့ကရိတ်ဒေသ KNLA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသလို အဆိုပါ လမ်းပိုင်းဖြစ်သည့် ကျောက်ခက်၊ ဘလယ်ဒိုကျေးရွာဘက်တွင်လည်း စစ်ကောင်စီ စစ်ကြောင်းများနှင့် KNLA ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဉ်ဖြစ်ပွားသည့်အတွက် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် သောင်ရင်းမြစ်ဘေးတွင် သွားရောက်တိမ်းရှောင်ခဲ့ကြရသည်။
ယခုရက်ပိုင်းအတွင်း အာရှလမ်းသစ်၊ လမ်းဟောင်း ၊ သင်္ဃန်းညီနောင်နှင့် ကွင်းက လေးကျေးရွာများဘက်တွင် တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံစစ်ဘေးရှောင်ပြည်သူများသည် ရွာသစ်ကုန်း၊ ဖားချောင်းဘက်ရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံခဲ့ကြရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ထို့အပြင် ကော့ကရိတ်တောင်ပိုင်း၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး ဒေသဘက်တွင်လည်း ပစ်ခတ်တိုက်မှုများရှိသည့်အတွက် ဒေသခံရွာသားများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။







