စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံစတင်ကျင်းပ၊ KNU ဥက္ကဌ တက်ရောက်

စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံစတင်ကျင်းပ၊ KNU ဥက္ကဌ တက်ရောက်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-EAOs)၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ မတ်လ ၂၉ ရက်နေ့မှစ၍ မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနှစ်မျိုးဖြင့် စတင်ကျင်းပနေပြီး ညီလာခံတွင်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို ယနေ့ မတ်လ ၂၉ ရက်နေ့မှစ၍ ဧပြီလ ၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံတွင် မည်သည့် အကြောင်းအရာများ ဆွေးနွေးသွားမည်ကို မသိရသေးသော်လည်း ယနေ့ ညီလာခံ ဖွင့်ပွဲအခမ်း အနားတွင် ဦးဆောင်သဘာပတိများအဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဌ နိုင်ဟံသာ စသည့် ခေါင်းဆောင်များက ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများအား အသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။

PPST စုဖွဲ့မှုအတွင်း KNU အနေဖြင့် တရားဝင် နုတ်ထွက်ကြောင်း ဖော်ထုတ်ပြောဆိုခြင်းမရှိသေးသော်လည်း ယခင် PPST ၏ အစည်းအဝေးဆွေးနွေးမှုများတွင် KNU ကိုယ်စားလှယ်ခေါင်းဆောင်များ ပါဝင်ခြင်း မရှိခဲ့ကြောင်း တွေ့ရပြီး ယနေ့ ညီလာခံ ဖွင့်ပွဲသို့ KNU ဥက္ကဋ္ဌ တက်ရောက် ပါဝင်မှုသည်လည်း KNU ကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အွန်လိုင်းစာမျက်နှာတွင် ပြန့်နှံ့လာသည့် ၎င်း၏ မိန့်ခွန်းစာများအရ သိရသည်။

ထို့အပြင် ယနေ့ ညီလာခံဖွင့်ပွဲတွင် ၎င်းတို့ အထူးဖိတ်ကြားထားသော နိုင်ငံတကာသံတမန်များအပါအဝင် နိုင်ငံ တကာအဖွဲ့ အစည်းများမှ တာဝန်ရှိသူမျာ ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr.Francois Lafreniere ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr. Pekka Shemeikka ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံသံအမတ်ကြီး Ms. Hilde Solbakken၊ ဩစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr. Bryan Bong၊ အီတလီနိုင်ငံမှ Deputy Head of Mission ဖြစ်သူ Mr. Andrea Ferrara၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Thomas Meier Nidecker၊ USAID မှ ယာယီဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Pamela Fessenden တို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံဖွင့်ပွဲအခမ်းအနားသို့ ညီလာခံဖွင့်ပွဲ ဦးဆောင် သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှု မြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

အလားတူ ယခင် စတုတ္ထအကြိမ် ထိပ်သီးညီလာခံ ပထမပိုင်းကို ပြီးခဲ့သည့် စစ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ရက်နေ့မှ ၁၈ ရက်နေ့အထိ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ တစ်ဆို့ မှုများကို အဖြေရှာပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် စနစ်တကျရေးဆွဲ ချမှတ် ပြီး အစိုးရ၊တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီချက်ရယူသွားရန် သဘောတူညီချက်များ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...