မတ်လ ၂၇ ရက် နေ့က စစ်ကောင်စီ၏ (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင် တပ်မဟာ(၆)တွင် စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်သွားခဲ့သည်ဟု သိရသည်။
မူတြော်ခရိုင်၊ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စုတွင် မတ်လ ၂၇ရက် နံနက်(၂)နာရီအချိန်တွင် လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည့်အပြင် နေ့လည် ၁နာရီခွဲအချိန်နှင့် ညနေ ၅နာရီကျော်အချိန်တွင် ဒူးပလာယာခရိုင် မြဝတီတောင်ဘက် ဘလက်ဒိုကျေးရွာတွင် ဟတ်စကီးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်။
စစ်ကောင်စီ လေယာဉ်နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည့် မူတြော်ခရိုင်တွင် ဒေသခံလူထုထိခိုက်သေဆုံးမှုများမရှိသော်လည်း ဒေဘူနို အထက်တန်းကျောင်းဝင်းဟောင်းရှိ စာသင်ကျောင်းအဆောက်အဦးနှင့် လူသူမဲ့နေအိမ်အချို့ ပျက်စီးမှုများရှိခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ပြောခွင့်ရ နော်ဝါးခူရှီးက “ ဒေဘူနို့မှာ လေယာဉ်နဲ့ဗုံးလာကြဲပြီး တစ်နှစ်ပြည့်နှစ်မှာ လာပြန်တိုက်ခိုက်တာ။ ပြီးခဲ့တဲ့နှစ်လာတိုက်တာလည်း သူတို့ တပ်မတော်နေ့မှာပဲ။ ပြီးခဲ့တဲ့နှစ်က ထိခိုက်သေဆုံးတာရှိတယ်။ အဲဒါကို စစ်တပ်က သူတို့ဘက်တော့ သူတို့အာဏာလာပြတဲ့သဘော။ ကျမတို့ဘက်ကကြည့်ရင်တော့ သူတို့က တစ်ခြားနည်းလမ်းမရှိတော့ဘူး။ ပြည်သူတွေကိုပဲ ပြန်တိုက်ခိုက်တာ။ သူတို့အခုလိုတိုက်တာက တပ်ဘက်အပိုင်း ထိခိုက်တာမရှိဘူး။ ထိခိုက်သွား တာကလူထုတွေပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အပြင် မြေပြင်တိုက်ခိုက်မှုလည်း ပြင်းထန် လာကာ ယမန်နေ့တွင် မြဝတီ အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင်လည်း တိုက်ပွဲပြင်းထန်ပြီးနောက် မြဝတီ-ဝေါလေ ကားလမ်းမပေါ်ရှိသေ့ဘောဘိုးကျေးရွာဘက်တွင် စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို နယ်မြေခံ KNLA ပူးပေါင်းတပ်က တိုက်ခိုက်သည့်အတွက် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်းလည်း သိရသည်။
အလားတူ ကေအဲန်ယူ သထုံခရိုင် တပ်မဟာ(၁) နယ်မြေ၊ ပိန္နဲတောကျေးရွာတွင်လည်း ယမန်နေ့ ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ကျေးရွာထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အတွက် ဒေသခံလူထုထိခိုက်ဒဏ်ရာရရှိမှုများရှိသလို နေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးသွားခြင်းရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၅ နှင့် ၂၆ ရက်နေ့များတွင်လည်း ကေအဲန်ယူ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်(မြဝတီ တောင်ဘက်)တွင်ရှိသည့် မောခီးနှင့် စုကလိကျေးရွာအုပ်စုများတွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဒေသခံနေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးခဲ့သလို ကျေးရွာ ၈ ရွာထက်မနည်းမှ ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် အသက်ဘေးလွတ်ရာထိုင်းနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ကရင်ပြည်နယ် ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်မှ ယခုလို လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အရပ်သားလူထု ၁ သိန်း ၅သောင်းဝန်းကျင်သည် နေအိမ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကာ အဆိုပါ စစ်ရှောင်များအတွက် အစားအသောက်၊ ဆေးဝါးနှင့် အရေးပေါ် အဆောက်အဦးများလိုအပ်လျက်ရှိကြောင်းလည်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း -IKOက ယနေ့ မတ်လ ၂၈ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။







