မော်ခီးစခန်းကို ပြန်သိမ်းရန် တက်လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် KNLA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေ

မော်ခီးစခန်းကို ပြန်သိမ်းရန် တက်လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် KNLA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေ

ပြီးခဲ့သည့် ရက်ပိုင်းက ကျသွားသည့်မော်ခီးစခန်းကို ပြန်လည်သိမ်းပိုက်ရန် တက်လာသည့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့ ညနေပိုင်းမှစတင်ကာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။

စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ် အင်အား ၂၀၀ခန့် ပါသော စစ်ယာဉ်တန်းနှင့် နယ်မြေခံ KNLA ပူးပေါင်းတပ်များအကြား ယနေ့ ညနေပိုင်းမှ ညဦးပိုင်းအထိ ဖလူးကျေးရွာနှင့် ဘုရားကုန်းနေရာများတွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒေသတွင်း သတင်းအရင်းအမြစ်တစ်ခုက “ညနေပိုင်းကတည်းက ဖလူးမှာ စဖြစ်တယ်၊ သူတို့တပ်တွေ မော်ခီးစခန်းကို ပြန်သိမ်းဖို့ စစ်ကူတက်လာတာလို့ သိရတယ်၊ အရပ်သားအရပ်ဝတ်နဲ့ အရပ်သားကားတွေကို သုံးပြီး အင်အား ၂၀၀ လောက်ရှိတယ်လို့တော့ သိရတယ်။ ကရင်တပ်တွေက လမ်းကို ပိတ်ထားတယ်။ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာ အခု ည ၈နာကျော်တဲ့အထိ လက်နက်အကြီးအသေးပစ်နေတုန်းပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး စစ်ဘေးရှောင်နေရသည့် လေးကေ့ကော်ဒေသ စစ်ရှောင်ကျေးရွာ ၅ ရွာ ခန့်မှ စစ်ရှောင်အစုအဖွဲ့ ၇ စုအား တိုက်ပွဲနေရာ နီးကပ်လာပါက စခန်းစွန့်ခွာ စစ်ဘေးလွတ်ရာ ရှောင်ရှားကြရန် အသိပေးပြင်ဆင်ခိုင်းထားကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင် မိသားစုတွေ ကိုတော့ နေရာပြောင်းဖို့ လိုမယ်ဆိုရင် ရွှေ့နိုင်အောင်တော့ အသင့်ပြင်ထားဖို့ အသိပေးထားတယ်၊ သူတို့လည်းတိုက်ပွဲ သံတော့ နားစွင့်ရင်း နေနေကြတယ်။” ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၃၂) စခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော်-KNLA ၂၀၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၁ရက်နေ့ ညနေတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...