ကရင်နီပြည်က စစ်ဘေးရှောင်တွေမှာ ရေရှားပါးမှုဒဏ်ကြုံတွေ့နေရ

ကရင်နီပြည်က စစ်ဘေးရှောင်တွေမှာ ရေရှားပါးမှုဒဏ်ကြုံတွေ့နေရ

ကရင်နီပြည်မှာ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအပြင် နွေရာသီ ရေရှားပါးမှုဒဏ်တွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ရှောင်တစ်ဦးကတော့ ရေလွှတ်ပေးတဲ့ အချိန်မှာ ရေသွားခပ်နေရတယ်လို့ ဆိုပါတယ်။

“ မနက်ပိုင်းသွားခပ်မယ်ဆိုရင်လည်း မခပ်မှီဘူး။ ပြီးတော့ အချိန်နဲ့ပဲလွှတ်တယ်ရေက။ အဲ့ကြောင့် ကျမတို့ ညအချိန်သွားစောင့်ပြီးတော့ ခပ်ရတယ်။ ဘာလို့လဲဆိုတော့ ညဆို တညလုံးလာတယ်လေ။ မနက် ၈နာရီဆို ရေမလာတော့ဘူး။ ကျမတို့ ညပဲခပ်ရတယ်။ ကျမတို့ ညဆို မအိပ်ရဘူး။ ရေစောင့်ခပ်တယ်။ အဲ့လိုပေါ့။ မနက်ပိုင်းခပ်မယ်ဆိုရင် ရေကမလောက်တော့ဘူးလေ။ အဲ့ဒီရေပုံးကို ပြည့်အောင် မလာတော့ဘူးလေ။ သူတို့က ညပဲ လွှတ်တယ်ကော။ “ လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြိုနယ်လိုနေရာတွေမှာ နှစ်စဉ် နွေရာသီတိုင်းရေရှားပါးမှု ပြဿနာကြုံတွေ့နေရပါတယ်။ ဒီနှစ်မှာတော့ ဒီနေရာတွေမှာရှိရင်းစွဲလူတွေအပြင် စစ်ရှောင်တွေပါ ထပ်မံ ရောက်ရှိလာတာကြောင့် ရေရှားပါးမှုဒဏ်ပိုခံရတယ်လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။

တချို့စစ်ရှောင်စခန်းတွေမှာလည်း ရေရှားပါးတဲ့အတွက် ကိုယ်တိုင်မစိုက်ပျိုးနိုင်ပဲ စားနပ်ရိက္ခာတွေကို အလှူရှင်တွေဆီကနေ အဓိက မှီခိုနေရတယ်လို့ ဆိုပါတယ်။

“ ဟင်းတွေခါကျတော့ အလှူရှင်တွေလာပေးမှ မဟုတ်ရင် ကိုယ့်မှာလည်း မဖူလုံဘူး။ ကိုယ့်မှာ အခုစိုက်စားစရာလည်းမရှိဘူး။ ရေဆိုရင် အဝေးကြီး သွားခပ်ရတယ်ပေါ့နော။ အဲ့လိုဆို အပင်စိုက်မယ်ဆိုရင်လည်း လောင်းစရာရေလည်း မရှိဘူးပေါ့နော။ အဲ့တာကြောင့် ရေကအစ အခက်အခဲဖြစ်နေတယ်ပေါ့။ အကုန်လုံး အခက်အခဲဖြစ်တယ်ပေါ့နော။ ဒီမှာက။ “ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတချို့မှာတော့ မသန့်ရှင်းတဲ့ရေတွေကိုတောင် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်ရဲ့ တချို့စစ်ရှောင်စခန်းကိုတော့ ဒီးမော့ဆို့ CDM မီးတပ်ဌာနကနေပြီးရေတွေ ပို့ဆောင်ပေးနေတာရှိပါတယ်။

ကရင်နီပြည်နယ်မှာ နွေရာသီအတွက် သောက်သုံးရေရရှိဖို့ ဆိုင်ကယ်နဲ့ တစ်နာရီကြာအောင်သွားခပ်နေရတဲ့ ကျေးရွာတွေရှိပါတယ်။ လက်ရှိကရင်နီပြည်နယ်မှာတော့ နွေအစပိုင်းမှာတောင် ရေရှားပါးမှုဒဏ်ကြုံတွေ့နေရပြီး စက်သုံးဆီစျေးတွေလည်း အဆမတန်စျေးနှုန်းမြင့်တက်နေပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...