ထိုင်းဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး၌ ကရင်နီဒုက္ခသည်လူငယ်များ အများဆုံး လုပ်ကိုင်

ထိုင်းဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး၌ ကရင်နီဒုက္ခသည်လူငယ်များ အများဆုံး လုပ်ကိုင်
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)

ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ ကြပြီး ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အများဆုံး ဝင်ရောက်လုပ်ကိုင်နေကြကြောင်း ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှတ် (၁) စခန်းဥက္ကဋ္ဌ ဦးစိုင်းလုံက “အများဆုံးက ဘန်ကောက်က ဆောက်လုပ်ရေးပေါ့နော။ အဲဒီ ဆောက် လုပ်ရေးနဲ့ စိုက်ပျိုးရေး။ စိုက်ပျိုးရေးက ဆူရင် (Surin) ဖြစ်မှာပေါ့။ ပထမဆုံးခေါက် ခေါ်တာက ဆူရင်ဖြစ် မှာ၊ ဆူရင်က စိုက်ပျိုးရေးခြံတွေဘာတွေ လုပ်တာပေါ့နော။ နာနတ်သီးခြံတို့ ဘာတို့ သွားလုပ်တာပေါ့။ ဒါ ပထမဆုံးခေါ်တာ။ နောက်ပိုင်းကျတော့ ချင်းရိုင်က မီးရထားလမ်းပေါ့နော်။ ပြီးတော့မှ ချွန်းဘူရီက ဆောက် လုပ်ရေး၊ ဘန်ကောက်ကလည်း ဆောက်လုပ်ရေး” ဟု ပြောသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချန်ထဘူရီခရိုင်ရှိ စိုက်ပျိုးရေးလုပ်ငန်း၌ သစ်သီးခူးရန် စာရင်းပေးသွင်းထားသည့် ကရင်နီ ဒုက္ခသည်လူငယ် ၁၈၀ ဦးရှိပြီး ပထမအသုတ်အဖြစ် လူငယ် ၁၀၆ ဦးနှင့် ဒုတိယအသုတ်အဖြစ် ၇၄ ဦးတို့ ဩဂုတ်လ ၉ ရက်နေ့တွင် သွားရောက်ခဲ့ကြသည်။

“အခု သွားတဲ့အဖွဲ့က ချန်ထဘူရီက အသီးခူးတာပေါ့။ ကျန် တဲ့ မဲဟောင်ဆောင်ခရိုင်မှာကျတော့ များသောအား ဖြင့် ဆောက်လုပ်ရေးပါပဲ။ တချို့လည်း အိမ်ဖော် (အိမ်အကူ) ပေါ့နော်။ ပတ္တရားမှာလည်း ဆောက်လုပ်ရေး တချို့ရှိတယ်” ဟု ဦးစိုင်းလုံက ဆက် ပြောသည်။

ထိုင်းအစိုးရက လယ်ယာနှင့် ခြံစိုက်ပျိုးရေး လုပ်ငန်းအပါအဝင် အစားအစာ ထုတ်လုပ်ရေး၊ စက်ချုပ်၊ မွေးမြူ ရေး၊ ဝန်ဆောင်မှု၊ လက်မှု၊ စက်မှုနှင့် ကွန်ပျူတာ ပြုပြင်ရေး စသည့် အလုပ်အကိုင် အမျိုးအစား ၈ မျိုးကို လုပ်ကိုင်ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်အသီးသီးတွင် အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား ကရင်နီလူငယ် အများစု ဝင်ရောက် လုပ်ကိုင်နေကြပြီး အမျိုးသား ဦးရေ ပိုမိုများပြားသည်။ ၎င်းတို့သည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်သီးခူးနှင့် အထည်ချုပ် လုပ်ငန်းများတွင် အများဆုံး သွားရောက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ကရင်နီ ဒုက္ခသည်လူငယ်များ အတွက် အလုပ်လုပ်ကိုင်ရာတွင် ထိုင်းဘာသာစကား မကျွမ်းကျင်မှုမှာ အခက်အခဲ တစ်ခု ဖြစ်နေဆဲဖြစ်သည်။

ထို့ပြင် ဒုက္ခသည်လူငယ် ၁၄၀ ဦးက သစ်သီးခူးရန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက် လုပ်ကိုင် ရန် ထပ်မံ စာရင်းသွင်းထားကြသည်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ မြို့နယ်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေသည့် ကရင်နီဒုက္ခသည် ဦးရေ ၉၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုင်းအစိုးရသည် ဒုက္ခသည်စခန်း ဖြုတ်သိမ်းရေး အစီအမံကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အလုပ်လုပ်နိုင် သည့် အသက်အရွယ်ရှိသူများကို အလုပ်ထွက်လုပ်ရန် တွန်းအားပေးနေသလို စခန်းကော်မတီ တာဝန်ရှိသူများ ကလည်း လုပ်ငန်းခွင်များအတွင်း ဝင်ရောက်လုပ်ကိုင်ကြရန် တိုက်တွန်း ပြောဆိုလျက်ရှိသည်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...