ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ၁၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းများဖြစ်ပြီး အဆိုပါ သေဆုံး မှုများသည် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးရခြင်း အများဆုံး ဖြစ်သည်။
သေဆုံးသူများအနက် ၆ လအရွယ် မိန်းကလေးငယ် တစ်ဦးမှာ ဩဂုတ်လ ၄ ရက်နေ့က ဖရူဆိုမြို့နယ် အနောက် ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အမျိုးသားတစ်ဦးက “ဘာမှမသိတတ်တဲ့ ကလေးငယ်တွေရော ဆယ် ကျော်သက်တွေပါ တိုက်ခိုက်ခံနေရတော့ သူတို့မှာ စိတ်ဒဏ်ရာတွေ ဖြစ်ကုန်ကြမှာပဲလေ။ အဲဒီလို စိတ်ထိခိုက်တာတွေအပြင် ဒီနောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျောင်းတွေ ယာယီပိတ်လိုက်ရတာမျိုးဆို ပညာရေးပါ ထိခိုက်လာပြီ။ ဒါတွေက စစ်အုပ်စုရဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲတွေကြောင့်ပဲ” ဟု ပြောသည်။
တစ်လကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၀ ဦး အပါအဝင် အမျိုးသမီး ၂၁ ဦးနှင့် အမျိုးသား ၃၁ ဦး၊ စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ကြောင်း AAPP ၏ စာရင်းများ တွင် ဖော်ပြထားသည်။
ထို့ပြင် ဇူလိုင် တစ်လအတွင်း နိုင်ငံတစ်ဝှမ်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးနှင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦး အပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ကြောင့် ၂ ဦး၊ စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ကြောင်း ဩဂုတ်လ ၁၂ ရက်နေ့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။
ဒေသအလိုက် သေဆုံးမှုများမှာ စစ်ကိုင်းတိုင်းတွင် ၈ ဦး၊ ပဲခူးတိုင်းတွင် ၈ ဦး၊ ရခိုင်ပြည်တွင် ၅ ဦး၊ မန္တလေးတိုင်း တွင် ၂ ဦး၊ မကွေးတိုင်းတွင် ၁ ဦး၊ ရှမ်းပြည်တွင် ၁ ဦးနှင့် ကရင်နီပြည်တွင် ၁ ဦး ပါဝင်သည်။
စစ်အုပ်စုတပ်သည် တော်လှန်ရေးအင်အားစုများ စိုးမိုးရာနယ်မြေများရှိ အရပ်သား ပြည်သူများ ရောက်ရှိနေ သည့် နေရာများကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိသည်။
အဆိုပါ ကျူးလွန်မှုများကို လက်ရှိတွင် အချက်အလက်များနှင့်တကွ မှတ်တမ်းတင်ထားရန် အရေးကြီးပြီး နောင်တစ်ချိန်တွင် တရားဥပဒေအရ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က အသိပေးပြောဆိုထားသည်။







