စစ်တပ်ကို ဖိအားပေးပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် KnHRG တောင်းဆို

စစ်တပ်ကို ဖိအားပေးပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် KnHRG တောင်းဆို

စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့် စစ်အစိုးရကို ကော်ဇောနီခင်း ကြိုဆိုခြင်းများ မပြုလုပ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် အာဏာစွန့်လွှတ်ရန် ဖိအားပေးသင့်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က ထိုင်းဝန်ကြီးချုပ်နှင့် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှုကိုလည်း KnHRG က ပြင်းထန်စွာ ရှုတ်ချကြောင်း ဩဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ပြောဆိုထားသည်။

ယခုကဲ့သို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲက ထိုင်းနိုင်ငံအနေဖြင့် ဦးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံ ဆွေးနွေး ခြင်းသည် စစ်တပ်၏ မတရား လုပ်ရပ်များ တရားဝင်ဖြစ်ရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း KnHRG က ဆိုသည်။

စစ်အုပ်စု ခေါင်းဆောင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရက်ပိုင်းအတွင်း၌ပင် ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တွင် လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ရပြီး အဆိုပါ တိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်၏ အမိန့်ပေးမှုအောက်ရှိ စစ်တပ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

ထို့ပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ ဆက်လက် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ဦးဗညားက “အဓိကကတော့ ကျန်တဲ့ နိုင်ငံရေးခေါင်း ဆောင်တွေကို ပြန်ပြီးတော့မှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေ၊ လူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ လွတ်လပ်စွာ ပြုလုပ်တာတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ရပ်တာတွေ အားလုံးပါဝင်တဲ့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားချင်တာ။ ဒါမှသာလျှင် ကျနော်တို့ လို ချင်တဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်ဆဲရေးကနေတစ်ဆင့် ငြိမ်းချမ်းရေးဆီ သွားနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုတပ်၏ ရာဇဝတ် ကျူးလွန်မှုများကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ထံ တင်သွင်းရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေး ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း KnHRG က တိုက်တွန်းထားသည်။

ကရင်နီပြည်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တပ်၏ လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့သလို၊ ဩဂုတ်လအတွင်း၌လည်း အရပ်သား ၆ ဦး သေဆုံးခဲ့ရသည်။

ဓာတ်ပုံ - ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညား (Crd)

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...