ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဒေသခံစစ်ရှောင်များ ထပ်မံရွှေ့ပြောင်းနေရ

ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဒေသခံစစ်ရှောင်များ ထပ်မံရွှေ့ပြောင်းနေရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်နယ်မြေ ကော့ကရိတ်မြို့တောင်ပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း နယ်မြေကျူးကျော်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် ဒေသခံစစ်ရှောင် များမှာ နေရာရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော့ကရိတ်တောင်ပိုင်းဘက် ကျေးရွာများတွင် ရှေ့တိုးဝင်ရောက်လာရာတွင် နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်မှုနေ့စဉ်ဖြစ်ပွား သည့်အတွက် ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများသည် နေရာပြောင်းရွှေ့ ပြောင်း တိမ်းရှောင်ခဲ့ရပြန်သည်ဟု စစ်ရှောင်ပြည်သူများအား လိုက်လံကူညီပေးသူဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သူက “စစ်တပ်ဘက်က သူတို့ အရှေ့တိုးလာတော့ စစ်ရှောင်တွေက နောက်ဆုတ်ပြီး ပတ်ပြီး ပြောင်းရွှေ့ နေရတာပေါ့။ အများစုက နီးစပ်ရာဆွေမျိုးအိမ်တွေ၊ အသိမိတ်ဆွေအိမ်တွေမှာ၊ စာသင်ကျောင်းတွေမှာ အိပ်ကြရတော့ ဒီညဒီရွာမှာအိပ်ရင် နောက်ညတစ်ခြားရွာမှာ ပြောင်းရွှေ့ပြီး နေရတာပေါ့။ တစ်နေရာထဲမှာ နေလို့အဆင်မပြေဘူး။ စစ်တပ်ဘယ်နေရာရောက်ပြီးလဲ၊ သူတို့နဲ့မတိုးအောင် ပြောင်းရွှေ့နေရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် ကမိုင်ကုန်း၊ ရွာသစ်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင် တပ်စွဲထားသလို ယမန်နေ့မတ်လ ၂၁ရက်၊ နံနက်တွင် နန်းရွှေမှုံနှင့် အောင်လှိုင်ကျေးရွာသို့ အင်အား ၁၀၀ကျော်ရောက်ရှိကာ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် နေရာယူတပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ရှောင်များကို လိုက်ခံကူညီပေးသူများ၏ ပြုစုထားသည့်စာရင်းအရ ကော့ကရိတ်တောင်ပိုင်းရှိ ကော့နွဲ၊ မောင်းမရွာသစ်၊ စက္ကဝက်၊ အောင်ဖကြီးနှင့် ရွာတန်းရှည် ကျေးရွာအုပ်စုများရှိ ကျေးရွာပေါင်း ၂၅ ရွာကျော်မှ အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်တွင် စစ်ရှောင်ပြည်သူ ၁၂,၀၀၀ ကျော်ရှိပြီး စစ်ရှောင်အများစုမှာ အနီးအနားကျေး ရွာများတွင် သွားတိမ်းရှောင်ခဲ့ကြသလို အချို့မှာ ကော့ကရိတ်မြို့ပေါ်ဘက်သို့ သွားရောက်တိမ်း ရှောင်သူများလည်းရှိသည်ဟု သိရသည်။

အဆိုပါတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်လကြာလာသည့်အတွက် ခိုလှုံစရာ နေရာထိုင်ခင်း တို့အပြင် စားနပ်ရိက္ခာအခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့လာရသည်ဟု စစ်ရှောင်ကူညီဆောင်ရွက်ပေးသည့် ဒေသခံထံမှ သိရသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော ဒေသခံပြည်သူများ အေးချမ်းစွာအိမ်ပြန်နိုင် ရေး စစ်ကောင်စီတပ်ဖွဲ့ဝင်အနေဖြင့် ပြန်လည်ဆုတ်ခွာပေးရန် ကေအဲန်ယူ ဒူးပလာယာခရိုင်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးထံ မတ်လ (၇)ရက်နေ့ ရက်စွဲဖြင့် စာပေးပို့ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြန်လည်ဆုတ်ခွာခြင်းမရှိသည့်အပြင် ရှေ့တိုး၍ ဝင်လာသည့်အတွက် ယခုလိုဒေသခံစစ်ရှောင်များ ထပ်မံရွှေ့ပြောင်းနေထိုင်ရခြင်းလည်း ဖြစ်သည်။

၎င်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် လူမရှိသည့် စစ်ရှောင်များ၏ နေအိမ်အချို့ကို ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်သွားမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းဒေသဘက်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်မှုများလုပ် ဆောင်နေသလို တောင်ကြာအင်းကျေးရွာထဲဘက်တွင်လည်း ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ညတိုင်းလိုလို လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အလားတူ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးနှင့် မောခီးဒေသဘက်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့အကြား နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွား သည့်အတွက် သေ့ဘောဘိုး၊ အူးကရေ့ထာ့၊ ဝါ့မီးထာ့၊ ဝေါ်လေ၊ မောခီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၈ ရွာကျော်မှ ဒေသခံ ၄၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံစသည့် ခရိုင် ၇ ခုတွင် စစ်ဘေးရှောင် ပြည်သူဦးရေ ၁၄၀,၀၀၀ ကျော်ရှိသည်ဟု ကရင်အမျိုးသမီးအစည်းအရုံ-KWO၏ ပြုစုထားသည့် စာရင်းအရ သိရှိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...