ကရင်ပြည်နယ်အတွင်း ထင်းနှင့် မီးသွေး၊ ဖယောင်းတိုင်စျေးများ အဆမတန် စျေးတက်လာနေသည့်အတွက် ဒေသခံ ပြည်သူများမှာ စားဝတ်နေရေးအတွက် အဆမတန် မြင့်တက်လာနေသည့် ကုန်စျေးနှုန်းများအား လက်လှမ်းမမှီ ဖြစ် လာနေကြောင်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နေ ပြည်သူတစ်ဦးက ပြောဆိုသည်။
နိုင်ငံနှင့်အဝှမ်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု လျှော့ချကာ ဖြန့်ဖြူးမှုလည်း အချိန်မမှန်တော့သည့်အတွက် ပြည်သူများ မှာ ချက်ပြုတ်ရေးအတွက် ထင်းနှင့် မီးသွေးကို ပိုအသုံးပြုလာရသည့်အပြင် အလင်းရောင်ရရှိရေးအတွက်လည်း ဖယောင်းတိုင်ကို ဝယ်ယူသုံးစွဲမှု များပြားလာခြင်းဖြစ်သည်။
ကျုံဒိုးဒေသခံတစ်ဦးက “ဖယောင်းတိုင်မီးတွေနဲ့ ထွန်းပြီးနေရတယ်။ အခုဆိုရင် ဖယောင်းတိုင် အတိုင်သေးက တစ်ထုပ် အရင်က ၅၀၀ကျပ်၊ အခု ၁၀၀၀ကျပ်။ အတိုင်ကြီးက သုံးထုပ် ၂၀၀၀ထောင်ကနေ တစ်ထုပ် ၁၀၀၀ကျပ်ဖြစ်လာပြီ။ အရင်က မီးသွေးတစ်အိတ် ၂၀၀၀။ ခုဆိုရင် ၆၀၀၀။ အရင်ထင်းတစ်စီး ၅၀၀ကျပ်၊ အခုလည်း ၅၀၀ကျပ်ပဲ။ ဒါပေမဲ့ ထင်း က ၅ချောင်းပဲ ပါတော့တယ်။ ဒါတောင် အရင်လို ကိုယ်ဝယ်ချင်တဲ့အချိန် ဝယ်လို့ မရဘူး။ ရတာ ဝယ်ထား၊ ဆောင်ထား ရတဲ့ အခြေအနေ ဖြစ်နေပြီ။ စားဝတ်နေရေး တော်တော်ကြပ်တည်းလာနေပြီ။”ဟု ၎င်းကျုံဒိုးဒေသခံက ပြောသည်။
ယင်းသို့ လျှပ်စစ်မီးပြတ်တောက်မှုကို သက်ဆိုင်ရာ ဌာနက အများပြည်သူထံ ကြိုတင် အသိပေးခြင်း၊ ကြော်ငြာခြင်း မရှိသော်လည်း လျှပ်စစ်မီတာခကိုမူ ပုံမှန်ကောက်ခံနေဆဲဖြစ်ကြောင်း၊ ဖယောင်းတိုင်မီးထွန်းကာ နေထိုင်ရသဖြင့် ဖယောင်းတိုင်စျေးနှုန်းမှာလည်း နှစ်ဆနီးပါး မြင့်တက်သွားသည်ဟု ၎င်းက ထပ်မံပြောဆိုသည်။
ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုတွင် ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က ဖားအံမြို့တစ်ခုသာ လျှပ်စစ်မီးရရှိခဲ့ပြီး ကျန် ၆မြို့နယ်မှာ အချိန်ပိုင်း မီးစက်ဖြင့် လျှပ်စစ်မီးပေးနေရသည့် အခြေအနေရှိခဲ့သည်။ ၂၀၁၅-၂၀၂၀ NLD အစိုးရလက် ထက်တွင် ပြည်နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနိုင်ခဲ့မှုမှာ မြို့နယ် ၇ခုအပြင် ကျေးရွာပေါင်း ၃၀၀ခန့်ကို လျှပ်စစ်မီး အသုံး ပြုမီးလင်းရေးအတွက် ဆောင်ရွက်နိုင်ခဲ့သည်။
ဖားအံမြို့မှ ရပ်မိရပ်ဖတစ်ဦးက “မီးက မနက် ၁၀နာရီကနေ ၁၂နာရီအထိ လာတယ်ကွယ်။ အဲဒါပြီးရင် တစ်နေကုန် ပျက်တာပဲ။ နောက်ရက်ကျ မီးလာတာ အဲဒီအချိန် မဟုတ်တော့ပြန်ဘူး။ ပျက်တာကတော့ နေ့တိုင်းပျက်နေတာကြာ ပြီ။ အခုက ပိုဆိုးလာတော့ ဘာမှမလုပ်တတ်ဘူး။”ဟု ပြောသည်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ကရင်ပြည်နယ်တွင်သာမက နိုင်ငံနှင့်အဝှမ်း လျှပ်စစ်မီး ဖြန့်ဖြူးနိုင်မှု ထက်ဝက်မက လျှော့ကျသွားခဲ့ပြီးနောက် လျှပ်စစ်အစား ဖယောင်းတိုင်၊ ထင်း၊ မီးသွေး၊ အင်ဗက်တာ၊ ဘက်ထရီအိုး၊ ဆိုလာပြားနှင့် မီးစက်များကိုသာ အဓိကထား အသုံးပြုနေကြရသည်။
သို့သော် အဆိုပါအစားထိုး သုံးစွဲနေရသည့် ပစ္စည်းများနှင့် ဆက်စပ်အပိုပစ္စည်းများ၊ လောင်စာဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ စျေးနှုန်းများ အဆမတန် မြင့်တက်လာနေသည့်အတွက် ဒေသခံပြည်သူများ စားဝတ်နေရေး ပိုမို အခက်တွေ့လာနေကြ သည်။







