ထပ်မံ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ကလေးတွေ ပညာ ပြန်သင်ကြားနိုင်ဖို့ မျှော်လင့်ချက်ဝေးနေရဆဲ

ထပ်မံ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ကလေးတွေ ပညာ ပြန်သင်ကြားနိုင်ဖို့ မျှော်လင့်ချက်ဝေးနေရဆဲ

ကရင်နီပြည်နယ်မှာ စစ်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ပြည်သူတွေဟာဘေးလွတ်ရာကိုရှောင်ပြေးပြီး စစ်ရှောင်စခန်းတွေမှာ ကလေးတွေကိုပညာသင်ကြားပေးတာတွေရှိပါတယ်။

စစ်ရှောင်တွေကို ပညာသင်ကြားပေးတာ ၅ လကျော်ရှိလာပြီဖြစ်ပါတယ်။ တစ်ချိူ့စစ်ရှောင်စခန်းတွေမှာ ကလေးတွေပညာသင်ကြားနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတာတွေရှိပေမယ့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာတော့ စစ်မြေပြင်နှင့်အနီးအနားမှာရှိနေပြီး တိုက်လေယာဥ်မကြာခဏ ဝဲပျံနေတာကြောင့်ပညာရေးအစီအစဥ်တွေကို နားထားရတာဖြစ်ပါတယ်။

အတန်းတင်ပညာရေးစနစ်အထိ ဆောင်ရွက်ဖို့အစီအစဥ်ချထားတဲ့ စစ်ရှောင်စခန်းတွေက စာသင်ကျောင်းဟာ စစ်ကောင်စီတွေရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှု့ကြောင့် ကလေးသူငယ်တွေထိတ်လန့်တကြားဖြစ်ကုန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် ပညာရေးကို နားထားရတယ်လို့ဆိုပါတယ်။

” ကျ​နော်တို့စတင်ခဲ့တာ အခု ၅လ ပြည့်တော့မယ်ပေါ့။ ၅လပြည့်တော့ အဆင်ပြေနေပြီပေါ့နော်။ အရင်ဆုံးက မူလတန်းကနေစဖွင့်တယ် မူလတန်းအဆင်ပြေသွားတော့ အလယ်တန်းဆက်ဖွင့်တယ်။ အလယ်တန်းဖွင့်တာ သိပ်မကြာသေးဘူး တစ်လကျော်ကျော်လေးပဲရှိသေးတယ် အဲ့တာအဆင်ပြေခါစပဲရှိသေးတော့ အခုပြန်ပြောင်းရတော့ ပညာသင်ဖို့ကလည်းအဆင်မပြေတော့ဘူးပေါ့နော်။ ကလေးတွေကလည်း တစ်ယောက်တစ်နေရာစီ ပြောင်းကုန်ပြီပေါ့နော်။” လို့ ပထမတန်းမှာ အင်္ဂလိပ်ဘာသာရပ် စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးကပြောပါတယ်။

စစ်ရှောင်စခန်းတစ်ခုမှာ ကလေးပညာရေးကို နားထားတာ နှစ်ပတ်ကျော်ရှိနေပါပြီ။ ကလေးတွေ စာနဲ့ဝေးနေတော့ စာစိတ်မဝင်စားမှုအပိုင်းလည်း အားနည်းလာခဲ့ရပါတယ်။

သားသမီးတွေပေါ်မှာမျှော်မှန်းထားတဲ့ ကျောင်းသားမိဘတွေရဲ့ မျှော်မှန်းချက်ဟာလည်း ရေစုန်‌ မျှော်ခဲ့ရပါတယ်။

” ကျမတို့မျှော်မှန်းချက်က ဘယ်လောက်အထိလဲဆိုရင် အောင်စရင်းထွက်တဲ့အထိ။ ဒီမှာ ဆရာ/ဆရာမ တွေက တစ်လကိုတစ်ကြိမ် ရီပို့ကတ် ပို့လာတယ် ကျမတို့ကလက်မှတ်ထိုးပေးရတယ်။ ကျမတို့စစ်​ရှောင်တိုင်းမှာ ပညာတွေသင်ကြားပေးနေကြတယ်။ အဲ့တော့ ကျမတို့က အတန်းတင်စနစ်နဲ့သွားနိုင်ဖို့ နောက်ပြီးတော့ ကျမတို့ ကလေးတွေက အခု လေးတန်း တက်တဲ့လူက နောက်နှစ်ဆို ငါးတန်းသွားဖို့ အဲ့လောက်ထိ ကျမတို့ မျှော်မှန်းထားကြတယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့တွေ အားလုံးဆုံးရှုံးကုန်ပြီ အခုကျမတို့သားသမီးတွေက ပညာသင်ကြားနေတာ တစ်ဝက်တစ်ပျက်ပဲ ဖြစ်သွားတယ်။” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေမှာ အခု စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရတာကြောင့် ထပ်မံပြောင်းရွှေ့မယ့် နေရာသစ်မှာ ကလေးတွေကိုပညာသင်ကြားနိုင်ဖို့ မျှော်လင့် ချက်ကတော့ ဝေးနေဆဲပါ။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...