ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်း ကျေးရွာတချို့အပေါ်တွင် ယခုရက်ပိုင်းအတွင်း ဒရုန်း(မောင်းသူမဲ့)ယာဉ် လာရောက်ပျံသန်းထောက်လှမ်းမှုများ အခေါက်ရေများလာသဖြင့် ဒေသခံ ကျေးရွာသားအချို့ စိုးရိမ်မှုများရှိနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ပိတခကျေးရွာအနီးဝန်းကျင်တွင် လွန်ခဲ့သည့် နှစ်ရက်လောက်ကစ၍ နံနက်ပိုင်းနှင့် ညပိုင်းများတွင် ဒရုန်းယာဉ်များ နေ့စဉ် လာရောက် ထောက်လှမ်းပျံသန်းမှုများ ရှိနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ယခုလို ပြောသည်။
အမည်မဖော်လိုသူ ပိတခ ဒေသခံတစ်ဦးက “မနေ့၊ တနေ့က ချောင်းဘေးနာက ရွာသားတွေပြောတယ် ဒရုန်းတွေလာ တယ်တဲ့။ ပြီးတော့ မနေ့ညနေကလည်း ကျနော့်ကလေးတွေ အိမ်မှာ စာလာကျက်တော့ ပြောသေးတယ် သူတို့ဒရုန်း တွေ တွေ့တယ်တဲ့။ အခုဆို ဒေသအခြေအနေကလည်း မကောင်းဘူး။ အသွားအလာ အစစ်အဆေးတွေ အရမ်းကြပ် လာတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်က ဒရုန်းယာဉ်လာရောက်ပျံသန်းမှု ရံဖန်ရံခါရှိနေသော်လည်း ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာနေ၍ ၎င်း ဒရုန်းယာဉ်ကို မြင်တွေ့ကြသည့် ဒေသခံအချို့မှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေသည်ဟု အဆိုပါဒေသခံ တစ်ဦးက ဆက်ပြောသည်။
အလားတူ လက်ရှိတွင်လည်း ဒေသခံရွာသားတချို့မှာ တိုက်ပွဲဖြစ်နိုင်ခြေရှိသည့် ကောလာဟလ သတင်းများကြောင့် နေအိမ်တချို့တွင် ဗုံးခိုကျင်းများ အဆင်သင့်တူးထားသူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ပိုင်ကျုံမြို့နယ်သည် KNU-တပ်မဟာ(၇)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၉)ထိန်းချုပ် နယ်မြေဖြစ်ပြီး အခြားသော ကရင်လက်နက်ကိုင်ဖြစ်သည့် KNU/KNLA-PC နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များ လည်း အခြေချလှုပ်ရှားလျက်ရှိသည်။ ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်ကောင်စီဖမ်းဆီးရမိသည့် အာဏာရှင်ဆန့်ကျင်သော လူငယ်တချို့ထံမှ ကောလာဟလ သတင်းများကို လိုက်လံစုံစမ်းထောက်လှမ်းနိုင်ခြင်းဖြစ် သည်ဟု ဒေသတာဝန်ရှိသူအချို့က မှတ်ချက်ပေး ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU ထိန်းချုပ်နယ်မြေ တပ်မဟာအသီးသီးတွင် စစ်ကောင်စီနှင့် နေ့စဉ် တိုက်ပွဲကြီးငယ်ဖြစ်ပွားနေသော်လည်း KNU တပ်မဟာ(၇)နယ်မြေတွင်မူ အာဏာသိမ်းတစ်နှစ် ကျော်အထိ ထိတွေ့တိုက်ပွဲမရှိသေးပေ။ သို့သော် နယ်မြေကျော်ဝင်ရောက်လာမှုများရှိပါက ပစ်မိန့်ပေးထားကြောင်း KNU ဘက်က ပြီးခဲ့သည့်လပိုင်းများတွင် ပြောဆိုထားသည်။







